ခမ်းသားငေါဝ်း

ဇူလိုင် ၂၆ ၊ ၂၀၂၄

ကောင်ပန်တင်း (ကံ့ကော်)ရွာမှ အမျိုးသားတစ်ဦး PNO ပြည်သူ့စစ်၏ အတင်းအဓမ္မစစ်စုဆောင်းခံရပြီး တာဝန်မပြီးဆုံးခင်ထွက်ပြေးလာသဖြင့် ထပ်မံခေါ်ဆောင်ခြင်းခံရခြင်းကြောင့် မိမိကိုယ်ကိုကြိုးဆွဲချအဆုံးစီရင်လိုက်ကြောင်း ဒေသခံထံက သိရသည်၊၊

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ကောင်ပန်တင်း(ကံ့ကော်)ရွာမှ အသက် ၃၉ နှစ်အရွယ် ခွန်ကြော့သည် PNO ပြည်သူ့စစ်၏ အတင်းအဓမ္မစစ်စုဆောင်းခံရပြီး တာဝန်မပြီးဆုံးခင်ထွက်ပြေးလာသဖြင့် ထပ်မံခေါ်ဆောင်ခြင်းကြောင့် ဇူလိုင် ၂၅ ရက်တွင် မိမိကိုယ်ကိုကြိုးဆွဲချအဆုံးစီရင်ပြီး ယနေ့တွင်သင်းကျိုလ်ခဲ့သည်၊၊

“ရွာမှာစစ်သားကောက်တာ ငွေထည့်ဖို့သူကမတတ်နိုင်တော့ နှစ်လစစ်သားသွားလုပ်ပေးမယ်ပေါ့ တစ်လကျော်ပဲရှိသေးတယ်သူထွက်ပြေးလာတယ် ဘာလိုထွက်ပြေးလဲရွာက လူတွေမေးတော့ လူကြီးတွေကသူ့ကို ဗမာစစ်တပ်ထဲထည့်ဖို့ပြောတာသူ့နားနဲ့ကြားခဲ့ရလို့ အာ့တာနဲ့ထွက်ပြေးလာတာတဲ့ ဗမာစစ်သားထဲမသွားချင်လို့ ပင်ညိုးက PNO ဗျူဟာစခန်းကိုတောင်းဝင်သေးတယ် အာ့ကလည်းလက်ခံတယ် ဒါမဲ့ ထီတယမ် PNO အွိုင်းလူကြီးထွက်မောင်က သူလူခွန်မြတ်နဲ့ပြန်ဖမ်းခိုင်းတယ် အမိန့်နာမခံလို့ဒီတစ်ခါထပ်ပြေးရင်သတ်ပစ်မယ်ပေါ့ သူလည်းစိတ်ဆင်းရဲလို့ခုလိုလုပ်လိုက်တာ”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်၊၊

သေဆုံးသူခွန်ကြော့သည် ကောင်ပန်တင်း(ကံ့ကော်)ရွာဇာတိဖြစ်ပြီး ပင်ညိုးရွာတွင်အိမ်ထောင်ကျထားပြီးပင်ညိုးရွာတွင်နေထိုင်ကြောင်း ပင်ညိုးရွာတွင် PNLO မှကောက်သည့် ၁ သိန်း ၅ သောင်းကျပ်အားမထည့်နိုင်ခဲ့သလို PNO ကောက်သည့် ၁ သိန်း ၈ သောင်းအားမထည့်ခဲ့သည့်အတွက် ရွာတွင် PNO ကမဖြစ်မနေစစ်သားပေးရန် စစ်သားစုဆောင်းလာစဥ် နှစ်လတာစစ်မှုထမ်းရန်သဘောတူထားကြောင်း သိရသည်၊၊

“ဗမာစစ်သားမလုပ်ချင်လို့ ဗျူဟာစခန်းမှာဝင်နေတာ ဗျူဟာစခန်းမှာ အွိုင်းအဖွဲ့ကလာဖမ်းလို့ သူတို့အချင်းချင်းစကားကြသေးတယ် သူထွက်ပြေးလာတာ စည်းကမ်းချိုးဖောက်လို့ဆိုပြီး ထွက်မောင်တို့ ခွန်မြတ်တို့က စစ်ထဲအပြီးသွားရမယ်ပေါ့ အာ့နဲ့စစ်ထဲပြန်ဝင်ရတယ် ပြီးတော့ရွာပြန်ပြီးခုလိုလုပ်တာ”ဟု၄င်းကဆက်ပြောသည်၊၊

သေဆုံးသူ ခွန်ကြော့တွင် ကလေးနှစ်ယောက်ကျန်ခဲ့ပြီး ကောင်ပန်တင်းရွာတွင် သေဆုံးခဲ့ကြောင်း ကလေးတစ်ဦးက ကောင်ပန်တင်းရွာတွင်ရှိသည့် သူ့အမေ(အဖွား)ဆီတွင် ရှိနေကြောင်း သိရသည်၊၊

ဆီဆိုင်မြို့နယ်အတွင်း ကျေးရွာများတွင် PNO မှစစ်သားစုဆောင်းခြင်း၊ ငွေကြေးကောက်ခံခြင်းအပြင် PNLO မှလည်း ငွေကြေးကောက်ခံခြင်းများရှိနေခြင်းကြောင့် အခြေခံလူတန်းစားများအတွက်အခက်ခဲရှိနေကြောင်း သိရသည်၊၊

PPV001
#လူ့အခွင့်အရေး
#ဆီဆိုင်မြို့နယ်
#ကောင်ပန်တင်း
#ပင်ညိုးရွာ
#မိမိကိုယ်ကိုအဆုံးစီရင်

Leave a Reply

Your email address will not be published. Required fields are marked *