ခမ်းသားငေါဝ်း
ဇူလိုင် ၂၆၊ ၂၀၂၄

လားရှိုးလွတ်မြောက်ရေးတိုက်ပွဲကို ၂၃ ရက်တိုင်တိုင် ခဲခဲရင်းရင်းဆင်နွဲပြီးနောက် စစ်ကောင်စီတပ်ကို မြို့တွင်းမှ မြို့ပြင်သို့ မောင်းထုတ်ခဲ့ပြီး လွတ်မြောက်ရေးအောင်ပွဲရရှိပြီဖြစ်ကြောင်း MNDAA က ဇူလိုင်လ ၂၅ ရက်နေ့တွင်ထုတ်ပြန်ထားသည်။

လာရှိုးမြို့၏အုပ်ချုပ်ရေး ယန္တရားများကို ပြည်ထောင်စုမြန်မာနိုင်ငံအထူးဒေသ (၁) အုပ်ချုပ်ရေးကော်မတီမှလည်းကောင်း၊ မြို့နယ်လုံခြုံရေးကို အထူးဒေသ (၁) ရဲတပ်ဖွဲ့မှလည်းကောင်း၊ မြို့နယ်ကာကွယ်ရေးကို MNDAA မှလည်းကောင်းဆက်ခံလိုက်ကြောင်း ထုတ်​ပြန် ချက်အရသိရသည်။

လားရှိုးမြို့ကို မြို့နယ်အုပ်ချုပ်ရေး နှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများကို ပြန်လည်လုပ်ဆောင်မည်ဖြစ်ပြီး လားရှိုးမြို့ရှိ မူလ အစိုးရဝန်ထမ်းများ၊ ကျောင်းဆရာ/ဆရာမ များ၊ ဆရာဝန် နှင့် သူနာပြုများ အနေဖြင့် ပြန်လည် တာဝန်ထမ်းဆောင်နိုင်ပြီဖြစ်ကြောင်း MNDAA ကဆိုသည်။

တရုတ်အမျိုးသားလူမှုရေးအဖွဲ့အစည်းများအနေဖြင့် လားရှိုးဧရိယာစစ်ရေးအုပ်ချုပ်မှုကော်မတီ၏ လုပ်ငန်းများကူညီပံ့ပိုးကြရန် နှင့် အရပ်သားများအနေဖြင့်လည်း ဆိုင်ခန်းများဆက်လက်ဖွင့်လှစ်နိုင်ကြောင်း၊ မူလနေထိုင်ရေးစနစ်ကို အမြန်ဆုံးပြန်လည်ဆောင်ရွက်ကြပါကြောင်း MNDAA ကတိုက်တွန်းထားသည်။

ပြည်သူ့ရေးရာစည်းမျဥ်းသည် MNDAA ၏အဓိကစည်းကမ်းကြီးတစ်ရပ်ဖြစ်ပြီး တပ်ဖွဲ့ဝင်များမှ စည်းမျဥ်းစည်းကမ်းများချိုးဖောက်ပါက အချိန်မရွေးလာရောက်တိုင်ကြားနိုင်ကြောင်း၊ ပြည်သူလူထုများအားဖိနှိပ်ခြင်းကိုလုံးဝကန့်ကွက်ပြီး စည်းကမ်းချိုးဖောက်သူများကို ပြင်ထန်စွားအရေးယူမည်ဖြစ်ကြောင်း MNDAA ကဆိုသည်။

ထို့အပြင် တိုက်ပွဲကြောင့်ပျက်စီးသွားသော အရပ်သားနေအိမ်ပြုပြင်ရေး နှင့် ပြန်လည်တည်ဆောက်ရေးကို အထူးဒေသ (၁) အုပ်ချုပ်ရေးကော်မတီမှ အခြေအနေပေါ်မူတည်ပြီး ကူညီပံ့ပိုးသွားမည်ဖြစ်ဟုလည်းပြောထားသည်။

အထူးဒေသ (၁) ရဲတပ်ဖွဲ့မှ လားရှိုးမြို့အတွင်းရှိ အွန်လိုင်းလိမ်လည်မှု နှင့် တရားမဝင်လုပ်ငန်းများကို ပြင်းပြင်းထန်ထန်တိုက်ဖျက် နှိမ်နှင်းသွားမည်ဖြစ်ပြီး ဝါဒမှိုင်းတိုက်ခြင်း၊သတင်းအတုထုတ်လွင့်ခြင်းတို့ကြောင့် ပြည်သူလူထုအားစိုးရိမ်ထိတ်လန့်ခြင်းများဖြစ်ပေါ်စေပါက အခြေအနေပေါ်မူတည်ပြီးအရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။

လားရှိုးမြို့ကို မသိမ်းနိုင်သေးဟု စစ်ကောင်စီလော်ဘီများ ပြောဆိုနေသော်လည်း လားရှိုးမြို့အတွင်း ဌာနဆိုင်ရာနှင့် ဘဏ်များကို သိမ်းကာ ကိုးကန့်တပ်ဖွဲ့အလံထောင်၍ စစ်ရေးလှုပ်ရှားသွားလာနေသော MNDAA တပ်ဖွဲ့ဝင်များ၏ရုပ်သံဖိုင် ယနေ့ဇူလိုင်(၂၆)ရက်နေ့တွင် ထွက်ပေါ်လာခဲ့သည်။

#PPV 003
#တိုက်ပွဲသတင်း
#လားရှိုး
#MNDAA

Leave a Reply

Your email address will not be published. Required fields are marked *