ခမ်းသားငေါဝ်း

ဇူလိုင် ၂၄၊ ၂၀၂၄

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများရှိသည့် အလုပ်ရုံထဲ၌ ထိုင်းအာဏာပိုင်က တစ်လကျော်ကြာ စစ်ဆေးပြီးနောက် မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမား ၇၀၀ ကျော်ကို အရေးယူသွားမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုင်းအလုပ်သမားဝန်ကြီးများအဖွဲ့သည် ထိုင်းနိုင်ငံအတွင်း တရားမဝင် ရွှေ့ပြောင်းအလုပ်သမားဖမ်းဆီးရေး ရက်ပေါင်း ၁၂၀ စီမံချက်အား ပြီးခဲ့သည့်ဇွန်( ၅ )ရက်‌‌ကနေဇူလိုင်( ၁၈) ရက်နေ့အထိ ရက်ပေါင်း ၄၃ ရက်ကြာ ဆောင်ရွက်ခဲ့သည်။

ထိုစီမံချက်အတွင်း မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားပေါင်း ၁ သိန်း ၃ သောင်း ကျော်ကို စစ်ဆေးခဲ့ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးအဖွဲ့က ဇူလိုင် ၁၉ ရက်‌နေ့တွင် ထုတ်ပြန်ထားသည်။

ထိုင်းအာဏာပိုင်များက မြန်မာရွှေ့ပြောင်းအလုပ်သမားများရှိသည့် နေရာပေါင်း ၁ သောင်းကျော်ကို စစ်ဆေးခဲ့ရာ ၃၄၈ နေရာကို အရေးယူထားပြီး စစ်ဆေးမှုတွေအရ မြန်မာ၊ ကမ္ဘောဒီယား၊ လာအို၊ ဗီယက်နမ်အပါအဝင် အခြားအလုပ်သမား ၁ သိန်း ၃ သောင်းကျော်အထိ ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိခဲ့သည်။

ထိုအထဲတွင် မြန်မာအလုပ်သမား ၅၇၀ ဦး၊ ကမ္ဘောဒီးယားအလုပ်သမား ၁၀၂ ဦး၊ ဗီယက်နမ်အလုပ် သမား ၂၁ ဦးနှင့် အခြားအလုပ်သမား ၆၈ ဦးတို့ကို ထိုင်းအာဏာပိုင်တွေက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးအဖွဲ့၏ ထုတ်ပြန်ချက်တွင်ဆိုထားသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနှင့် ထိုင်းနိုင်ငံအစိုးရက သတ်မှတ်ထားသည့် ဥပဒေစည်းမျဉ်းစည်းကမ်းများအား စနစ်တကျလေ့လာထားရန်၊ အလုပ်တစ်ခုလုပ်ကိုင်တော့မည်ဆို မိမိတို့ကိုင်ဆောင်ထားသည့် စာရွက်စာတမ်းနှင့် စာရွက်စာတမ်းမှာပါသည့် လုပ်ငန်းအမျိုးအစား၊ အလုပ်ရှင်နှင့် နေရာတည့်မှန်အောင် စိစစ်ရန်နှင့်အသွားအလာဆင်ခြင်ရန် ဦးအောင်ကျော်က တိုက်တွန်းထား သည်။

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားအပါအဝင် ရွှေ့ ပြောင်းအလုပ်သမားများအား ပန်းရောင်ကတ်ပြုလုပ်ပေးသွားမည်ဟု ထိုင်းအစိုးရက ပြီးခဲ့သည့်လတုန်းက ကြေညာထားခြင်းလည်းရှိသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် စစ်ရေး ၊နိုင်ငံရေး ၊စီးပွားရေးမပြေလည်မှုအပါအဝင် စစ်မှုထမ်းဥပဒေကြောင့် မြန်မာနိုင်ငံသားအများအပြား ထိုင်းနိုင်ငံထဲတွင်တရားမဝင် ဝင်ရောက်ပြီးရှိနေသည့်အတွက် ဖမ်းဆီးခံရသည့် ဖြစ်စဉ်တွေ ရှိနေသေးကြောင်းသိရသည်။

PPV0010
#လူ့အခွင့်အရေး
#ထိုင်းနိုင်ငံ
#ရွှေပြောင်းအလုပ်သမား

Leave a Reply

Your email address will not be published. Required fields are marked *