ခမ်းသားငေါဝ်း
ဇူလိုင် ၂၅ ၊ ၂၀၂၄

စံကားအင်းဒေသတွင်ဖုန်းလိုင်း၊ အင်တာနက်လိုင်းများပြတ်တောက်နေသည့်အတွက်ကြောင့် ဒေသခံများ ဆက်သွယ်ရေးအတွက် အခက်အခဲဖြစ်နေရသည်ဟု ဇူလိုင်လ(၂၅)ရက်နေ့တွင် ဒေသခံထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်‌ရွှေမြို့နယ်၊ စံကားအင်းဒေသတွင် ဇူလိုင်လ(၂၄)ရက်နေ့မှစကာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြန်လည်ပြတ်တောက်သဖြင့် ဒေသတွင်းလည်းငြိမ်သက်မှုမရှိသည့်အတွက် ဒေသခံများကဆက်သွယ်ရေးအခက်အခဲဖြစ်နေရသည်။

“လိုင်းကမနေ့မနက်(၁၁)နာရီကျော်လောက်ကပဲ ပြန်ပျက်သွားတာ၊ အခုကအင်တာနက်သုံးဖို့မပြောနဲ့ ဖုန်းဆက်ဖို့တောင်ဖုန်းလိုင်းမိတဲ့နေရာတွေမှာ ဖုန်းထောင်ထားပြီးမှဆက်ရတာ၊ အခုဆိုဒီဘက်မှာက အခြေနေလည်းမကောင်း အင်တာနက်လိုင်းပါထပ်ပျက်တော့ အဆင်မပြေနေဘူး” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

စံကားအင်းဒေသတွင် ယခင်တစ်ပတ်၌တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သဖြင့် ဒေသခံပြည်သူများ စစ်ဘေးတိမ်းရှောင်နေကြရပြီး ယခုတွင်အင်တာနက်လိုင်းပါထပ်ပျက်သောကြောင့် အဝေးရောက် ဆွေမျိုး၊ မိသားစုနှင့် သားသမီးများအတွက် ဆက်သွယ်ရေးအခက်အခဲဖြစ်နေရသည်ဟု သိရသည်။

“ဒီဘက်မှာကအရင်လည်းပျက်ဖူးတယ် ဖုန်းလိုင်းတွေက၊ တစ်ခါပျက်ရင် အနဲဆုံး(၃)လပဲ အခုကဒေသတွင်းအခြေအနေပါ မငြိမ်မသက်ဖြစ်နေတော့ ဒီတစ်ခါဖုန်းလိုင်းတွေပျက်တာက ဘယ်လောက်ကြာမလည်းမသိ၊ အခုဆိုရင်ကိုယ့်အနီးနားပတ်ဝန်းကျင်မှလွဲလို့ ဘယ်နေရာမှာဘာဖစ်နေတယ် ဘယ်လိုရှိနေတယ်ဆိုတာကအစ မသိရတော့ဘူး” ဟု၎င်းကဆက်ပြောသည်။

စံကားအင်းဒေသဆည်ခေါင်းရွာတွင် ဇူလိုင်လ(၁၉)ရက်၌ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ယခုချိန်တွင် ဆည်ခေါင်းရွာမှစပြီး တောင်ဘက်တစ်ကျော ဒေသခံများယခုချိန်ထိနေအိမ်ပြန်နေလို့မရသေးကြောင်း အင်တာနက်လိုင်းအခက်အခဲပါထပ်ဖြစ်သဖြင့် ဒေသတွင်းအခြေနေ အသေးစိတ်သိရှိနိုင်ရန်လည်း မလွယ်ကူတော့ကြောင်း ဒေသခံများကဆိုကြသည်။

#PPV007
#လူ့အခွင့်အရေး
#ညောင်ရွှေမြို့နယ်
#စံကားအင်းဒေသ
#ဖုန်းလိုင်း

Leave a Reply

Your email address will not be published. Required fields are marked *