Screenshot

ခမ်းသားငေါဝ်း
ဇူလိုင် ၁၉၊ ၂၀၂၄

စံကားတောင်ဖက် ဟူးရန်းကျေးရွာတွင်ယနေ့မနက်ပိုင်းက တိုက်ပွဲပြင်းထန်စွာဖြစ်ပွာသနေကြောင်း ဇူလိုင်လ (၁၉)ရက်တွင် စုံစမ်းသိရှိရသည်။

ရှမ်းပြည်တောင်ပိုင်းညောင်ရွှေမြို့နယ် စံကားဒေသ ဟူးရန်း(ယမ်ဖူ)ရွာ ယနေ့ မနက်ပိုင်း ၁၁ နာရီ‌ကျော်ခန့်တွင် စစ်ကောင်စီ လက်အောက်ခံ PNO​ ပြည်သူ့စစ်နှင့် ကရင်နီတော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံများ နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

“စံကားရွာကလူလည်း ပြေးကုန်ပြီ စံကားတောင်ဘက်လုံးလုံး ပြောင်းသွားပြီ အခု စံကားမြောက်ဖက်ရွာပဲကျန်တော့တယ် အဲဖက်ရွာကလူတွေလည်း ပြေးရလွယ်အောင်လို့ အားလုံးက အထုပ်တွေ ပြင်ဆင်နေကြပြီ ခုစံကားဖက် စကစတွေ PNOတွေ အင်အားအများကြီးနဲ့ရောက်လာနေပြီ စံကားမြောက်ဖက်ရွာဘုန်းကြီးကျောင်းမှာတောင် တပ်စွဲထားပြီ”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ယခုချိန်တွင် လက်နက်ကြီး လက်နက်ငယ်သံများ တောက်လျှောက်ကြားနေရပြီး ဒေသခံပြည်သူများက စံကားမြောက်ဖက်ရှိကျေးရွာများ နှင့် အင်းအနောက်ဖက်ကမ်းသို့ တိမ်းရှောင်ကြရပြီး တိုက်ပွဲနှင့်နီးစပ်သည့် ကျေးရွာများလည်း တိမ်းရှောင်ရန်ပြင်ဆင်နေကြကြောင်းသိရှိရသည်။

“တိုက်ပွဲနဲ့ကပ်ရပ်ရွာဆိုရင် ကျွန်တော်တို့ရွာနဲ့ ဆည်ခေါင်းရွာပဲရှိတော့တယ် ဆည်ခေါင်းရွာက လူတချို့လည်း ပြေးကုန်ကြပြီ ကျွန်တော်တို့ရွာက မပြေးသေးဘူး အထုပ်အပိုးတွေ ပြင်ထားကြပြီ ကားရှိတဲ့သူဆိုလည်း ယူသွားမယ့်ပစ္စည်းတွေ ကားပေါ်တခါတည်းတင်ထားပြီ”ဟု ၎င်းက ဆက်ပြောသည်။

ယမန်နေ့တွင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်များ ထီရီး၊နမ်းဗွန်ရွာဘက်တွင် တပ်စွဲထားကြပြီး တော်လှန်ရေးတပ်ဖွဲ့များလည်း အင်းလေးတောင်ဖက်တွင် ရောက်လာကြသဖြင့် ယနေ့တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ဒေသခံသာမက ကရင်နီဒေသရှိစစ်ရှောင်များပါ ထပ်မံတိမ်းရှောင်နေကြရကြောင်းသိရှိရသည်။

#PPV008
#တိုက်ပွဲ
#စံကားဒေသ
#ညောင်ရွှေမြို့နယ်

Leave a Reply

Your email address will not be published. Required fields are marked *