ခမ်းသားငေါဝ်း
ဇူလိုင် ၂၀၊ ၂၀၂၄

ရေသားသူ-ခွန်ပေ

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ပအိုဝ်းဒေသမှာ ကျားမအခြေပြု အကြမ်းဖက်မှုများ ယခင်ထက်ပိုများ လာတယ်လို့ ပအိုဝ်းအမျိုးသမီးသမဂ္ဂ ကောက်ခံတဲ့ စစ်တမ်းအရသိရပါတယ်။

အထူးသဖြင့် အမျိုးသမီးတွေကို ရိုးရာယဉ်ကျေးမှုအရ၊ ဓလေ့ထုံးတမ်းတွေအရ ပိုပြီးဖိနှိပ်ကြသလို အမျိုးသမီး များဟာ ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း နည်းပါးပြီး ဝင်ငွေနည်းကြတဲ့ အတွက် ကျားမအခြေ ပြု အကြမ်းဖက်မှုကို ပိုမိုခံစားနေကြရတယ်လို့ ပင်လောင်းဒေသခံ အမျိုးသမီးတစ်ဦး ကပြောပါတယ်။

“ကျွန်မယောကျာ်းက ဆေးပြားအရမ်းသုံးတယ်။ နေ့တိုင်းလည်း ကျွန်မကိုရိုက်တယ်။ အဲတာရွာသူကြီးကို တိုင်တာ ရွာသူကြီးက လာမဖြေရှင်းသေးဘူး။ နှုတ်ကြမ်းလို့ သူ့ယောကျာ်းရိုက်တာ စသဖြင့်ပြန်ပြောသေးတယ်။ ယောကျာ်းလေးတွေ ဆေးမသုံးလိမ္မာနေရင် ဘယ်အမျိုးသမီးမှ နှုတ်ကြမ်းလာစရာမရှိဘူး။ ကိုယ်က ရဲစခန်းတွေ၊ လက်နက်ကိုင်တွေဆီ တိုင်ရင်လည်း သူအမျိုးသားလုပ်အားခနဲ့ပဲ ထိုင်စားပြီး စာနာစိတ်မရှိတဲ့ အမျိုးသမီးဆိုပြီး ပတ်ဝန်းကျင်ကဝိုင်းပြောတာခံရသေးတယ်။” လို့ အကြမ်းဖက်ခံရတဲ့ ပင်လောင်းမြို့နယ်နေ နန်းရွှေခံ(အမည်လွဲ) ကပြောပါတယ်။

ဒါအပြင် ကျေးရွာတွင်းမှာရှိတဲ့ အမျိုးသမီးတွေဟာ အိမ်တွင်းအကြမ်းဖက်ခံရခြင်း၊ အနိုင်ကျင့်စော်ကားခံရခြင်းနဲ့ မုဒိန်းကျင့်ခြင်း ခံခဲ့ရပေမယ့် ရွာနာမည်ပျက်တယ်ဆိုပြီး အုပ်ချုပ်ရေးမှူး၊ ရွာသူကြီးများကအစ လျော်ကြေးငွေ သိန်းဆယ်ချီပေးဆောင်ရတာတွေ အခွင့်အရေး ပိတ်ပင်ခံရတာတွေ စတဲ့ ကျားမအခြေပြုအကြမ်းဖက်မှုများကို ပိုခံနေရတယ်လို့ သိရပါတယ်။ ဒီလိုနေရာမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လှုမှုရေးပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုတွေများစွာကို အမျိုးသမီးတွေက ခံစားနေကြရပါတယ်။

လက်ရှိအာဏာသိမ်းပြီးနောက်ပိုင်း ပအိုဝ်းဒေသမှာ ဂိတ်ပေါင်းများစွာလည်း ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီဂိတ် တွေက PNO ပြည်သူ့စစ်၊ စစ်ကောင်စီတပ်သားတွေ စစ်ဆေးမှုတွေပြုလုပ်ပါတယ်။ အဲလိုစစ်ဆေးမှုလုပ်တဲ့နေရာ မှာ ဂိတ်ကိုဖြတ်သန်းသွားလာတဲ့ အမျိုးသမီးတွေက လင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံရမှုတွေရှိပါတယ်။ PNO ပြည်သူ့စစ်၊ စစ်ကောင်စီတပ်သားတွေစကားလုံးသုံးပြီး စစ်ဆေးမေးမြန်းတာ၊ ပါစပ်အရသာခံ စနှောက်တာ၊ လိုအပ်တာထက်ပိုစစ်ဆေးတာတွ ပြုလုပ်တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အမျိုးသမီးတစ်ဦးကပြောပါတယ်။

“တောင်ကြီးမြို့အဝင်ဂိတ်မှာ ကျွန်မတို့ကိုစစ်တာ လိင်ပိုင်ဆိုင်ရာ စကားလုံးတွေနဲ့ မထိတထိပြောတာ တွေရှိတယ်။ ဂိတ်မှာဆိုကိုယ့်ရဲ့ ဖုန်းထဲမှာရှိတဲ့ ဓာတ်ပုံအသေးစိတ်ကအစဖြဲကြည့်တာတွေ လုပ်တယ်။ တစ်ခါ တစ်လေ ကိုယ်တစ်ယောက်ထဲတောင် ခရီးမသွားရဲတော့ဘူး။”လို့ ကြုံတွေ့ရသူ ဆီဆိုင်မြို့နေ နန်းငွေက ပြောပါတယ်။

အဲဒီလို မတရားကြုံတွေ့ခဲ့ရပေမယ့် တိုင်ကြားဖို့နေရာမရှိသလို အရေးယူဆောင်ရွက်ပေးမယ့်သူတွေမရှိပါဘူး။ ကျေးရွာတွေမှာလည်း တိုက်တန်းပြီး အရေးယူပေးဖို့ ဘယ်သူမှအာရုံမစိုက်ကြဘူး၊ ကိုယ့်ရှေ့မှာ အမျိုးသမီးတွေ အနိုင်ကျင့်စော်ကားခံရတာကိုမြင်ရင်တောင်မှ သူ့ထိုက်နဲ့သူ့ကံပဲ၊ သူမကောင်းလို့ဖြစ်တာ ဆိုတဲ့အတွေး အခေါ်တွေ က ရှိတယ်လို့ ပအိုဝ်းဒေသမှာရှိတဲ့ အမျိုးသမီးငယ်တွေကပြောပါတယ်။

ဒါ့အပြင် အသက်မပြည့်သေးတဲ့အမျိုးသမီးငယ်ကို အသက်အရွယ်ကြီးမြင့်တဲ့ လူကြီးတစ်ယောက်ကဖြား ယောင်းသွေးဆောင် ခိုးယူပေါင်းသင်းပြီး ငွေကြေးနဲ့ ဖြေရှင်းတာတွလည်း ရှိပါတယ်။ ဒါ့အပြင် ရွာဓလေ့အရ ရွာနာမည်ပျက်တယ်ဆိုပြီး ရွာရဲ့စည်းကမ်းနဲ့အညီ ဒဏ်ရိုက်တာတွေလည်း ခံနေရပါတယ်။

“ကျွန်မတူမလည်း ဗိုက်တစ်လုံးနဲ့ကျန်ခဲ့တယ်။ ရွာနှစ်နာတယ်ဆိုပြီး ကျွန်မညီမကို ၁၅ သိန်း နဲ့ရွာကိုပြန်ဆေးခိုင်း ခဲ့တယ်။ နာမည်လည်းအပျက်ခံရ လျှော်ကြေးလည်းပေးရ။ ကျွန်မတူမကလည်း ငွေကြေးမပြည့်စုံတော့ ဘယ်နေ ရာမှလည်းမတိုင်တန်းနိုင်ခဲ့ဘူး။ ကျေးရွာဓလေ့နဲ့ဘဲ အကုန်ဖြေရှင်း၊ ကြေအေးခဲ့ရတယ်” လို့ နောင်တရားဒေသနေ နန်းရွဉ်က ပြောပါတယ်။

ပအိုဝ်းဒေသ အမျိုးသမီးငယ်တော်တော်များများက ပတ်ဝန်းကျင်ထိုးနှက်မှု ၊ကျေးရွာဓလေ့ ၊ယဉ်ကျေးမှု သတ်မှတ်ချက်တွေကြောင့် ဒီလိုကိစ္စ တော်တော်များများကမပြောရဲကြဘဲ ကြိတ်ခံစားနေသူက များတယ်လို့ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးကပြောပါတယ်။

ကျူးလွန်ခံရတဲ့အမျိုးသမီးကိုအပြစ်တင်တဲ့စကားကို မပြောမိဖို့လိုသလို သူ့ကိုလည်း နွေးနွေးထွေးထွေး ဆက်ဆံ ပေးဖို့၊ သူပြောတာနားထောင်ပေးဖို့၊ ပတ်ဝန်းကျင်က သူဖက်ပါပေးဖို့၊သူ့ကိုယုံကြည်ပေးဖို့လည်း လိုအပ်တယ် လို့သူကဆက်ပြောပါတယ်။

ယခု ပအိုဝ်းဒေသကျေးရွာ တော်တော်များများများမှာ ဆိုရင်အမျိုးသမီးကိုယ်တိုင်ကအနေအထိုင်မတတ်လို့ ယောကျာ်းလေးတွေနဲ့ရောပြီး နေထိုင်လို့ဒီလိုဖြစ်ရတယ် စသဖြင့် အဲလိုအမြင်ကို ကျွန်မတို့အားလုံး လုံးဝ ပြောင်လဲဖို့လိုတဲ့အကြောင်းကိုလည်း သူမကတိုက်တွန်းထားပါတယ်။

“အမျိုးသမီးတွေအမှန်တကယ်ဆို သူတို့ကကျူးလွန်ခံရတာလေနော် ပတ်ဝန်းကျင်က သူတို့ကိုထပ်ပြီးအပြစ် တင်တဲ့အချိန်မှာ သူတို့ရဲ့အခွင့်အရေးကို နှစ်ဆင့်ချိုးဖောက်သလိုဖြစ်တယ်လေနော်။ အဲတာကြောင့် ကျူးလွန် ခံရသူကိုဦးတည်မယ့်အစား ကျူးလွန်သူကို ဦးတည်ပြီးတော့မှ သူ့ကိုလှုမှုရေး ပြစ်ဒဏ်ပေးမလား၊ ခုချိန် တရားဉပဒေနဲ့ ထိထိရောက်ရောက်သွားလို့ အဆင်မပြေသည့်တိုင်အောင်ကျွန်မတို့က ကျူးလွန်တဲ့ အမျိုးသား ကိုဒါသူကျူးလွန်ပါတယ်ဒါသူအပြစ်ပါ ဆိုတဲ့ဟာမျိုးကို ပိုပြီးဦးတည်တာ ပိုဖြစ်သင့်တယ်”လို့ အမျိုးသမီးအရေး လှုပ်ရှားသူက ပြောပါတယ်။

အကြမ်းဖက်မှုခံနေရတဲ့အမျိုးသမီးတွေဟာ ၂၀ ရာခိုင်နှုန်းမှာ အကူအညီရယူခြင်း တိုင်တန်းခြင်းပြုလုပ်နိုင်ပြီး ထုတ်ဖော်ပြောဆိုခြင်းမလုပ်သူနဲ့ အကူအညီမရရှိသူရာခိုင်နှုန်းမှာ ၈၀ ကျော်ရှိတယ်လို့သိရပါတယ်။

ပအိုဝ်းအမျိုးသမဂ္ဂမှ တာဝန်ရှိသူက ” ဒီအချိန်မှာ ဘယ်လောက်ထိ နိုင်ငံရေး အခြေအနေ ကြပ်တည်းနေပါစေ ဒီလိုအကြမ်းဖက်ခံရတဲ့အမျိုးသမီးကိုတော့လျစ်လျူးရှုမထားသင့်ဘူး။ ဖြေရှင်းဖို့ခက်တယ်။ ဘယ်လိုဖြေရှင်း မရလဲ မသိခဲ့ဘူးဆိုရင်လည်း ဉပမာ-အမျိုးသမီးအဖွဲ့ကို ချိတ်ဆက်ပြီးအကြံဥာဏ်ရယူတာမျိုး ပူးပေါင်းလုပ် ဆောင်တာမျိုးတွေပိုပြီးလုပ်သင့်တယ်။ မဟုတ်ရင် အကြမ်းဖက်ခံရတဲ့အမျိုးရဲ့လုံခြုံရေးကပိုပြီး စိုးရိမ်စရာ ကောင်းတယ်”လို့ ပြောပါတယ်။

ဒ့ါအပြင် အမျိုးသမီးတွေ ထပ်ဆင့် နှစ်ဆင့် အကြမ်းဖက်ခံရတာမျိုးက ပိုပြီးဆိုးရွားသလို ကျူးလွန်သူကလည်း သူကအပြစ်ကင်းလွှတ်ရတဲ့အတွက် အမျိုးသမီးအပေါ် ဒီလိုလုပ်လို့ရတယ်ဆိုတဲ့ သူရဲ့အတွေးအခေါ်ကရှိ နေနိုင် တာမို့လို့ အဲလိုမျိုးမဖြစ်ဖို့ဆိုရင် အမျိုးသမီးအဖွဲ့တွေနဲ့ ကျေးရွာဖက်က လူကြီးတွေပူးပေါင်းဖို့ လိုတယ်လို့ဆိုပါတယ်။

မြန်မာဒီမိုဂရပ်ဖစ်အဖွဲ့အစည်းမှ ထုတ်ပြန်ချက်အရ အမျိုးသမီး ၇ ဦးတွင် တစ်ဦးက အကြမ်းဖက်ခံနေရပြီး အဓိကအားဖြင့် စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာတွေမက ထိခိုက်ဒဏ်ရာတွေပါရရှိကြတယ်လို့ ထုတ်ပြန် ထားပါတယ်။

#khamsarngor
#Artical
#womenright
#Violent

Leave a Reply

Your email address will not be published. Required fields are marked *