ခမ်းသားငေါဝ်း
ဇူလိုင် ၁၈၊ ၂၀၂၄

နိုင်ငံတဝန်းရှိ စစ်ကောင်စီလက်အောက်ခံ အကျဉ်းထောင် ၁၃ ခုတွင် သောက်သုံးရေ ပြဿနာများဖြစ်ပေါ် နေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- NLD က ဇူလိုင်(၁၇)ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်။

NLDထုတ်ပြန်ချက်တွင် ခွက်ရေနှင့်အကန့်အသတ်ဖြင့် ရေချိုးနေရခြင်း၊ မသန့်ရှင်းသောရေများကို သောက်နေရခြင်း၊ ထောင်သားများမှ ကိုယ်ပိုင် ငွေကြေးစိုက်ထုတ်ကာ သောက်ရေများဝယ်ယူရခြင်းနှင့် ‌ရေမသန့်ရှင်းခြင်းကြောင့် နောက်ဆက်တွဲ ယားနားများဖြစ်ပွားနေရသည်ဟု ဖော်ပြထားသည်။

မိတ္ထီလာအကျဥ်းထောင်၊ ပုသိမ်အကျဥ်းထောင်၊ ဖျာပုံအကျဉ်းထောင်၊ သာယာဝတီထောင်၊ ကသာအကျဥ်းထောင်၊ အင်းစိန်ဗဟို အကျဉ်းထောင်တို့တွင် ခွက်ရေအကန့်အသတ်ဖြင့် ရေချိုးနေရပြီး မိတ္ထီလာထောင်တွင် ရေကားတစ်စီး လျှင် ကျပ် ၆၅,၀၀၀ အထိ ထောင်သားများက ပေးချေနေရသည်ဟု ဖော်ပြထားသည်။

ဂန့်ဂေါအချုပ်ထောင်တွင်လည်း ရဲစခန်းအတွက် မီတာခကို စိုက်ထုတ်ပေးနေရသည့်အပြင် ရေဖိုးလစဉ် တစ်လကို (၈) သိန်းကျော်ပေးနေရသည်ဟု ဖော်ပြထားသည်။

ထို့အတူ ပြည်အကျဉ်းထောင်၊ မြစ်ကြီးနားအကျဥ်းထောင်၊ ကလေးအကျဉ်း ထောင်နှင့် ကသာအကျဉ်းထောင်များတွင် သောက်သုံးရေများမသန့်ရှင်းခြင်းနှင့် နုန်းအနည်များ၊ ကျောက်စရစ်များ ပါဝင်နေသည်ဟု ဆိုထားသည်။

ထို့အပြင် အင်းစိန်ဗဟိုအကျဉ်းထောင်၊ မြင်းခြံဗဟိုအကျဥ်းထောင်၊ ကလေးအကျဉ်းထောင် တို့တွင် ရေမသန့်ရှင်းခြင်းကြောင့် အပူနာများနှင့် ယားနာများ၊ ပွေး၊ ဝဲ၊ ညှင်းများဖြစ်ပွားလျက်ရှိပြီး မန္တလေးဗဟို အကျဉ်းထောင်တွင် ခြင်ထောင် ထောင်ခွင့်မပြုခြင်းများရှိနေသည်ဟု ဖော်ပြထားသည်။

အာဏာသိမ်းကာလအတွင်း ပြည်သူ ၁,၀၉၂၄ ခန့် ဖမ်းဆီးချုပ်နှောင်ခံထားရပြီး ယင်းအထဲမှ NLD ပါတီဝင် ၁,၅၃၉ ဦး ခန့်ပါဝင်နေသည်ဟု ဖော်ပြထားသည်။

PPV0010
#လူ့အခွင့်အရေး
#နိုင်ငံတဝန်းရှိ
#အကျဥ်းထောင်
#မသန့်ရှင်းသည့်ရေ
#သောက်သုံးရေပြသနာများ

Leave a Reply

Your email address will not be published. Required fields are marked *