ခမ်းသားငေါဝ်း
ဇူလိုင် ၁၈၊ ၂၀၂၄

တိုက်ပွဲဖြစ်ပွားမည်ကိုစိုးရိမ်သဖြင့် စံကားတောင်ဘက်ရှိဒေသခံများ ထွက်ပြေးတိမ်း‌ရှောင်နသည်ဟု ဒေသခံတစ်ဦးပြောဆိုချက်အရ ဇူလိုင်လ(၁၈)ရက်နေ့တွင်သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားအင်းဒေသတောင်ဘက်တွင် ဇူလိုင်လ(၁၈)ရက်နေ့၌ တော်လှန်ရေးသမားများဝင်လာသဖြင့် တိုက်ပွဲဖြစ်ပွားမည်ကိုစိုးရိမ်သောကြောင့် ဟူးရန်းရွာအပါအဝင် အောင်ချမ်းသာ၊ လင်လမ်၊ ထီဟန်းတား၊ နမ်းဗွန်စသည့်ရွာတို့တွင် ဒေသခံများအကုန် ထွက်ပြေးတိမ်းရှောင်နေကြသည်။

“အကုန်ပြေးပြီ နမ်းဗွန်ရွာဘက်ကတော့ဒီမနက်ကတည်းကပြေးတာ အခုသူတို့ရောက်လာတော့ ရွာထဲတိုက်ပွဲဖြစ်မှာကိုလည်းစိုးရိမ်ရတယ်၊ ရွာထဲတိုက်ပွဲဖြစ်ရင်လက်နက်ကြီးကျပစ်လာမှာပဲကော် အိမ်တွေပြာကျသွားကုန်မှာပေါ့ အိမ်တစ်လုံးဖြစ်လာဖို့ဆိုတာလည်း လွယ်တာမှမဟုတ်တာ” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ဟူးရန်းရွာတောင်ဘက်တွင်ရှိသည့် ဒေသခံများသည် အကုန်ထွက်ပြေးတိမ်း‌ရှောင်နေကြရပြီး လက်ရှိအချိန်တွင် နီးစပ်ရာဘုန်းကြီးကျောင်းနှင့် အမျိုးအိမ်များ၌ ဝင်ရောက်ခိုလှုံနေကြကြောင်းသိရသည်။

နောက်ထပ်ဒေသခံတစ်ဦးက “ဒီရက်အကုန်ပြေးကြတာ လမ်းမှာဆိုကားတွေရော ဆိုင်ကယ်တွေရော ထော်လာဂျီတွေရောအပြည့်ပဲ၊ တစ်ချို့ကအင်းအနောက်ဘက်ကမ်း တာခေါင်ဘုရားဘက်ပြေးသွားတယ်၊ တစ်ချို့ကစံကားဘက်မှာပဲ တစ်ချို့ကအမျိုးတွေရှိတဲ့ရွာဆီသွားကြတယ်၊ အင်းအနောက်ဘက်ကမ်း တောင်ဘက်မိုးဦး သစ်ပင်ကောက်ဘက်ကလည်း ဒီမနက်ပြေးနေကြရပြီ”ဟု ပြောသည်။

ယမန်နေ့ညတွင် စံကားအင်းအနောက်ဘက်ကမ်း၌ လက်နက်ကြီးသံတစ်ညလုံးကြားနေရပြီး ယခုအင်းအရှေ့ဘက်ကမ်း ထီရီးဘက်တွင်လည်း လက်နက်ကြီးသံမကြာခနပစ်ခတ်သံကြားနေရသည်ဟု ၎င်းကဆက်ပြောသည်။

ယခုအချိန်၌သီးနှံစိုက်ပျိုးပြီးတဲ့ချိန်ဖြစ်သော်လည်း တိုက်ပွဲများပြင်းထန်လာပါက စိုက်ထားသည့်သီးနှံများ ပျက်စီးမည်ကိုလည်းဒေသခံများက စိုးရိမ်နေကြသည်။

ထီရီး၊ နမ်းဗွန်ရွာဘက်တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ရှိနေပြီး တော်လှန်လှန်ရေးတပ်ဖွဲ့များကလည်း အင်းလေးတောင်ဘက်တကြောတွင်ရောက်လာကြသောကြောင့် တိုက်ပွဲဖြစ်မည်ကိုစိုးရိမ်ပြီး ဒေသခံများ တိမ်းရှောင်နေကြရကြောင်းသိရသည်၊၊

#PPV007
#လူ့အခွင့်အရေး
#ညောင်ရွှေမြို့နယ်
#စံကားအင်းဒေသတောင်ဘက်

You missed