ခမ်းသားငေါဝ်း
ဇူလိုင် ၁၇၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA၊ PLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်တချို့နှင့် စစ်အသုံးဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု ဇုလိုင် ၁၆ ညနေပိုင်းတွင် TNLA က ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီတပ် စကခ-၂၁၊ ခလရ-၂၇၆ တပ်ဖွဲ့ဝင်များက ထိုးစစ်ဆင်လာသောကြောင့် တောင်ကိုင်းရွာအနီးတဝိုက်တွင် TNLA ပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း လက်နက် (၁၁) လက်၊ 60 MM (၁) လက်၊ ခဲယမ်းများနှင့် စစ်သုံးဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု TNLA က ဖော်ပြထားသည်။

တိုက်ပွဲဖြစ်ပွားနေရာသို့ စစ်ကောင်စီတပ်က ဒရုန်းဖြင့် (၃) ကြိမ် လာရောက်တိုက်ခိုက်ခဲ့သည်ဟု TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အတူ နောင်ချိုမြို့နယ်၊ ကန်ကြီးရွာနှင့် သရက်ကုန်းအနီးတဝိုက်တွင် ဇူလိုင် ၁၆ ရက် နံနက် ၉ နာရီခွဲဝန်းကျင်တွင် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် TNLA တပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။

ဇူလိုင် ၁၅ ည ၉ နာရီဝန်းကျင်တွင် နောင်ချိုမြို့နယ် ဘန့်ဘွေးရွာနှင့် ရေဝင်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်က သဲခေါ်ရွာအနီးရှိ PSLF/TNLA တပ်စခန်းအား ဒရုန်းဖြင့် (၂)ကြိမ်၊ လက်နက်ကြီးဖြင့် (၃) ကြိမ်လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

မိုးကုတ်မြို့နယ်တွင်လည်း စစ်ကောင်စီတပ်စွဲထားသည့် မိုးကုတ်ဗျူဟာကုန်းမှတစ်ဆင့် ရေအေးရပ်ကွက်နှင့် ပန်းမရွာသို့ ဇူလိုင် ၁၅ ရက်ည ၉ နာရီဝန်းကျင်တွင် လက်နက်ကြီး စုစုပေါင်း (၆) ကြိမ် ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးထိမှန်မှုကြောင့် ပြည်သူ (၂) ဦး သေဆုံးခဲ့ပြီး၊ (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု TNLA ကထုတ်ပြန်ထားသည်။

PPV0010
#စစ်ရေး
#မိုးမိတ်မြို့
#မိုးကုတ်မြို့
#TNLA

Leave a Reply

Your email address will not be published. Required fields are marked *