ခမ်းသားငေါဝ်း
ဇူလိုင် ၁၇ ၊ ၂၀၂၄
မန္တလေးတိုင်း မိုးကုတ်မြို့၌ ဇူလိုင်လ ၁၅ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် အတွဲလိုက်ဒုံးများ ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် (၁)ဦးအပါအဝင် (၂)ဦးသေဆုံးပြီး (၅)ဦး ဒဏ်ရာပြင်းထန်ရရှိသည်ဟု TNLA ထံမှ သိရသည်။
မိုးကုတ်မြို့ အရှေ့ပိုင်းရှိ စစ်ကောင်စီတပ်စွဲထားသည့် ဗျူဟာကုန်းမှနေ၍ မိုးကုတ်အနောက်ပိုင်း ကျပ်ပြင်အုပ်စု ပန်မချယ်ရီရပ်ကွက်ဘက်သို့ အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်ရာ အရပ်သားနေအိမ်ပေါ်သို့ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက်(၇)နှစ်အရွယ် ကလေးတစ်ဦးနှင့် ယာအိမြတ်မွန် အသက် (၄၀)နှစ် တို့ ထိမှန်သေဆုံးသွားခဲ့ပြီး ၅ ဦးဒဏ်ရာရရှိသွားကြောင်းသိရသည်။
TNLA မှ ဇူလိုင်လ (၁၄)ရက်နေ့မှ (၁၈)ရက်နေ့အထိ (၄)ရက်တာ အပစ်ရပ်ထားသော်လည်း စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပစ်ရပ်ကာလ (၂)ရက်အတွင်း အရပ်သား (၃)ဦး သေဆုံးပြီး (၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ကဆိုသည်။
တိုက်ပွဲ (၂၂)ရက်အတွင်းတွင် စစ်ကောင်စီမှ အရပ်သားများကို ဦးတည်ပြီး လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား (၆၉)ဦး သေဆုံးပြီး (၁၁၁)ဦး ထိခိုက်ဒဏ်ရာရရှိထားသည်ဟု TNLA ကထုတ်ပြန်ထားသည်။
PPV 003
#စစ်ရေး
#မန္တလေးတိုင်း
#မိုးကုတ်မြို့
#အတွဲလိုက်ဒုံးများ