ခမ်းသားငေါဝ်း
ဇူလိုင် ၁၆၊ ၂၀၂၄

ကိုးကန့်လူမှုရေးခန်းမရောက် လားရှိုးမှစစ်ဘေးရှောင်များနှင့် မိဘမဲ့ကလေးများအတွက် စားဝတ်နေရေးအတွက် အကူအညီလိုအပ်နေကြောင်းဇူလိုင်လ(၁၆)ရက်နေ့တွင် ကိုးကန့်လူမှုရေးခန်းမတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ ကိုးကန့်လူမှုရေးခန်းမ၌ လားရှိုးမြို့တွင်တိုက်ပွဲကြောင့် စစ်ဘေးရှောင်မိဘမဲ့ကလေး(၆၁)ဦးအပါအဝင် စစ်ဘေးရှောင်ဦးရေ(၅၀၀)ဝန်းကျင်ရောက်ရှိလာပြီး ၎င်းတို့အတွက်စားဝတ်နေရေးအတွက် အကူအညီလိုအပ်နေသည်၊၊

“လက်ရှိလိုအပ်ချက်ဆိုရင် အဓိကကတော့အလှူရှင်တွေပါပဲ နောက်ပြီးတော့မနေ့ကမှရောက်လာတဲ့ မိဘမဲ့ကလေးတွေက တစ်ချို့ကလေးတွေက လေးငါးခြောက်နှစ် ဆယ်နှစ်ကျော်ကျော်လောက်တွေပဲ ရောက်လာတဲ့ချိန်ဆိုတစ်ချို့က ဖိနပ်လည်းမပါ ဘောင်းဘီတွေကလည်းပေါက်ပြဲ၊ ကလေးတွေအတွက်အဝတ်အစားအနွေးထည်တွေတော့လိုအပ်တယ် ဒီမှာရာသီဥတုကအေးနေတော့” ဟုကိုးကန့်လူမှုရေးခန်းမမှ တာဝန်ရှိသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

လက်ရှိအချိန်တွင် ကိုးကန့်လူမှုရေးခန်းမ၌ သတ်မှတ်ထားသည့် စစ်ဘေးရှောင်ဦးရေထက် ပိုများနေပြီး နေရာပြည့်သွားပြီဖြစ်သောကြောင့် စစ်ဘေးရှောင်ဦးရေလည်း ကန့်သတ်လိုက်ပြီဟု ၎င်းကပြောသည်။

“လက်ရှိကတော့ ဒီမှာရှိတဲ့ဒေသခံတွေကနေပြီး လာလှူထားတဲ့ဟာနဲ့ပဲရပ်တည်နေရတာပေါ့၊ တစ်ချို့ကတော့ ဆန်၊ ဆီ၊ ဆားတွေလာလှူကြတယ် တစ်ချို့ကတော့ပိုက်ဆံတွေလာလှူကြတာလည်းရှိတယ်၊ အခုကတစ်လနှစ်လဖြစ်ချင်လည်းဖြစ်မယ် နိုင်ငံရေးအရလက်ရှိအနေအထားက ဘယ်လောက်ကြာမယ်ဆိုတာ မသိနိုင်ဘူးလေ အဲ့ကြောင့်ရေရှည်ရပ်တည်နိုင်ဖို့က စားဝတ်နေရေးအတွက်အလှူရှင်တွေကလိုအပ်တယ်” ဟု၎င်းကဆက်ပြောသည်။

လက်ရှိတွင်စစ်ဘေးရှောင်များစားဝတ်နေရေးအတွက် တာဝန်ရှိသူများက တတ်နိုင်သလောက်စီစဥ်ပေးနေပြီး ၎င်းတို့အတွက် လုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

#PPV007
#လူ့အခွင့်အရေး
#တောင်ကြီးမြို့
#လားရှိုး
#ကိုးကန့်လူမှုရေးခန်းမ
#မိဘမဲ့ကလေးများ
#စစ်ဘေးရှောင်

Leave a Reply

Your email address will not be published. Required fields are marked *