ခမ်းသားငေါဝ်း
ဇူလိုင် ၁၂၊ ၂၀၂၄

ရခိုင်ပြည်နယ် မောင်တောမြို့ရှိ နခခ (၅)၏ အနီးပတ်ဝန်းကျင် မကျည်းချောင်း( မကျီးချောင်း) နယ်ခြားစောင့်တပ်စခန်းကို၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၁)ရက်နေ့ နံနက်ပိုင်းတွင် အာရက္ခတပ်တော်(AA) သည်သိမ်းပိုက်ရရှိကြောင်း ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အလောင်း၊ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်း အများအပြား သိမ်းဆည်းရမိခဲ့ကာ သုံ့ပန်းအချို့ကိုလည်း လက်ရဖမ်းဆီးရမိခဲ့သည်။

ထို့အ​ပြင် စစ်ကောင်စီတပ်သား (၃၀)ဦးခန့်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်းသို့ စက်လှေအချို့ဖြင့် ထွက်ပြေးသွားသည်ကိုတွေ့ရှိရ ကြောင်း AA က ဆိုသည်။

အဆိုပါ မကျည်းချောင်းစခန်းတွင် စစ်ကောင်စီတပ်၏ စစ်တွေ၊ ဒကစ လက်အောက်ခံ ခလရ (၂၆၃)တပ်ရင်းနှင့် အခြားစစ်စခန်းအချို့မှ ထွက်ပြေးလာကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်ရဲများပါဝင်သည်ဟု သိရသည်။

မောင်တောဒေသအတွင်း၌ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းတစ်ခုဖြစ်သော နခခ (၅) မြို့သူကြီးစခန်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်မှလည်း မောင်တောမြို့အား မဆုံးရှုံးရရေးအတွက် မောင်တောမြို့အတွင်း စစ်စခန်းမှနေ၍ ခုခံနေခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် သံတွဲမြို့ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းတစ်ခုဖြစ်သော ခလရ (၅၅) တပ်ရင်းကိုလည်း ဇွန်လိုင်လ ၉ ရက်နေ့တွင် AA ကအပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ရန်သူ့ စစ်အသုံးအဆောင်ပစ္စည်း နှင့် လက်နက်ခဲယမ်း အများအပြားကိုသိမ်းဆီးရမိခဲ့ကြောင်းသိရသည်။

AA သည် မောင်တောမြို့အား ဝိုင်းရံပိတ်ဆို့ထားပြီး မောင်တောတစ်မြို့လုံးကို သိမ်းပိုက်ရယူနိုင်ရေးအတွက် ထိုးစစ်များကို ဆက်လက်ပြုလုပ်နေသည်ဟု ထုတ်ပြန်ထားသည်။

#PPV003

Leave a Reply

Your email address will not be published. Required fields are marked *