ခမ်းသားငေါဝ်း
ဇူလိုင် ၁၁ ၊ ၂၀၂၄

ပင်လောင်းတွင် ဒေသခံကားများကို PNO ပြည်သူ့စစ်က ချောဆွဲပြီး စစ်မြေပြင်အထိ ခေါ်သွားကာ အကြိုအပို့ လုပ်ခိုင်းကြောင်း ဇူလိူင်လ ၁၁ ရက်နေ့တွင် ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊တောင်လေး၊ ဝါးလီး၊ လိန်းညား ၊ ပင်ခွန်ရွာမှ ကားရှိသောသူများကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ခေါ်ယူပြီး တိုက်ပွဲဖြစ်ပွားရာ ဖယ်ခုံ-ပင်လောင်း နယ်စပ်နှင့် ကရင်နီပြည်အထိ သွားပို့ခိုင်းနေသည်။

“စစ်ကောင်စီတွေ၊ PNO တွေပါတဲ့ကားဆို ဗုံးနဲ့ထောင်ထားမလား၊ လက်နက်တွေနဲ့ပစ်မလား ၊မိုင်းခွဲတိုက်ခိုက်မလား အဲလိုရှိတယ်အဲတာကြောင့်လိုက်ပို့ပေးရချိန် အရမ်းကြောက်တယ်။ သွားမပို့လို့လည်းမရဘူးလေ”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ယခုလို PNO ပြည်သူ့စစ်နှင့် စစ်ကောင်စီတို့က ခေါ်ယူနေခြင်းကြောင့် တစ်ချို့ ကားရှိသောသူများ လျော့ဈေးများဖြင့် ရသလောက်နှင့်ကားကိုရောင်းချခြင်းတို့ ပြုလုပ်လိုက်ရကြောင်း ၄င်းကဆက်ပြောသည်။

ပင်လောင်းဒေသတွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်အတွက် ကားဖြင့် သွားလိုရာကို လိုက်ပို့ရသည့်အပြင် ထမင်း၊ဟင်း လည်း နေ့စဉ် ပို့ပေးနေရကြောင်းသိရသည်။

ပင်လောင်းတွင် ပြီးခဲ့သည့်မတ်လကတည်း တော်လှန်ရေးတပ်ဖွဲ့များနှင် စစ်ကောင်စီနှင့်လက်အောက်ခံ PNO ပြည့်သူ့စစ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိစစ်ပွဲဖြစ်ပွားနေကြောင်း သိရသည်၊၊

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *