ခမ်းသားငေါဝ်း
ဇူလိုင်လ ၁၁ ၊၂၀၂၄

ကျောက်မဲမြို့တွင် စစ်ကောင်စီသတင်းပေးအပါအဝင် မူးယစ်ဆေးဝါး ရောင်းဝယ်/သုံးစွဲနေသူ၊ တရားမဝင် လက်နက်ကိုင်ဆောင်သူ၊ မူးယစ်ရမ်းကား သူနှင့် နေအိမ်ဖောက်ထွင်းသူ တရားခံ(၁၈၀)ဦးကို PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း TNLAကထုတ်ပြန်လာသည်။

ဖမ်းဆီးရမိသူထဲမှ ကျောက်မဲမြို့နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲနေသူ ကျား(၁၄၆)ဦး၊ မ(၁၁)ဦးနှင့် မူးယစ်ဆေးဝါးရောင်းဝယ်နေသူ ကျား(၂)ဦးနှင့် မ(၁) စုစုပေါင်း မူးယစ်ဆေးဝါး ရောင်းဝယ်/သုံးစွဲနေသူ (၁၅၉)ဦးပါဝင်ကြောင်းဆိုသည်။

၎င်းတို့သည် အာဏာသိမ်းပြီးနောက်ပိုင်း မြို့အတွင်း တရားဥပဒေစိုးမိုးမှုပျက်ပြားစေရန်နှင့် ၎င်းတို့အားသတင်းပေးရန် စစ်ကောင်စီမှ ပြန်လွှတ်ပေးခဲ့သည့် ယခင်က မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့်ထောင်ကျခဲ့ဖူးသူများဖြစ်သည်။

ကျောက်မဲမြို့အနီးထိ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများTNLAက အရှိန်အဟုန်မြှင့်လုပ်ဆောင်လာမှုကြောင့် ထိုဒေသရှိ မူးယစ်ဆေးဝါးသုံးစွဲနေသူများက စစ်ကောင်စီထိန်းချုပ်သည့် ကျောက်မဲမြို့တွင်းသို့ ထွက်ပြေးခိုအောင်းခဲ့ကြသည်ဟုဆိုသည်။

တိုက်ပွဲဖြစ်ပွားမှုကိုအခွင့်ကောင်းယူပြီး နေအိမ်များပိတ်ထားသည့် စစ်ဘေးရှောင် ​ပြည်သူလူထုများ၏ နေအိမ်များကို ဖောက်ထွင်းခြင်း၊ တန်ဖိုးရှိပစ္စည်းများခိုးယူနေသူ (၂)ဦးနှင့် စစ်ကောင်စီအမှတ်အ သားပါ လက်နက်ငယ်ကိုင်ဆောင်သူ (၁)ဦး၊ မြို့အတွင်း မူးယစ်ရမ်းကားသူ (၂)ဦးတို့ကိုလည်း တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ လိုက်လံကင်းလှည့်နေချိန် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အလားတူ ၁၀၂၇ စစ်ဆင်ရေးအပိုင်း ၂ တိုက်ပွဲအတွင်း PSLF/TNLA နှင့် ပူးပေါင်းတပ်တို့၏ သွားလာလှုပ်ရှားမှုများကို စစ်ကောင်စီတပ်အားသတင်းပေးသူ (၁၆)ဦးတို့ကိုလည်း ဖမ်းဆီးရမိထားခဲ့သည်။

၎င်းတို့အား PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်ထားပြီး လိုအပ်သည့် စစ်ဆေးဆောင်ရွက်မှုများနှင့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု TNLA သတင်းနှင့်ပြန်ကြားရေး ကဆိုထားသည်။

#ppv002

Leave a Reply

Your email address will not be published. Required fields are marked *