ခမ်းသားငေါဝ်း
ဇူလိုင် ၁၀၊ ၂၀၂၄

လားရှိုးမြို့တွင် စစ်ဘေးရှောင်ဒေသခံပြည်သူများ အလုံးအရင်းထွက်ပြေးနေရပြီး ကားထောင်ချီပိတ်မိနေကြောင်း စစ်ဘေးရှောင်လာသူတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး ဒေသခံအမြောက်အများထွက်ပြေးတိမ်းရှောင်ရကာ ကားထောင်ချီပိတ်မိနေသည်။

”အမတို့က ၇ ရက်နေ့ကတည်းစထွက်လာတာ၊ လမ်းမှာကတိုက်ပွဲဖြစ်နေတယ်ဆိုလို့ စစ်တပ်ဖက်ကပေးမထွက်ဘူး၊ အဲ့မှာတနေကုန်စောင့်နေရတယ်၊ အရမ်းဒုက္ခရောက်တာပဲ၊ ကားတွေလည်းထောင်ချီပြီးပိတ်မိနေတယ်၊ ၈ ရက်နေ့ မနက် ၄ နာရီလောက်တစ်ခါပြန်သွားတန်းစီတယ်၊ ၈ နာရီကျော်လောက်မှ မြို့ပြင်ဂိတ်ကနေ ထွက်ခွင့်ရတယ်” လို့စစ်ဘေးရှောင်လာသူ ပြည်သူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

လမ်းမကောင်းသည့်အပြင် တိုက်ပွဲတွေကြောင့် ပြန်လှည့်နေရကြောင်း၊ မြို့ထဲတွင်လည်းပြန်ဝင်ခွင့်မပေးတော့ လမ်းတွင်ပိတ်မိနေကြောင်း၊ စစ်ဆေးရေးဂိတ်တွေကြောင့်လည်း ကြန့်ကြာမှုဖြစ်နေကြောင်း ၎င်း ကဆက်ပြောသည်။

မြို့ပြင်ထွက်ပြေးတိမ်းရှောင်လာရာတွင် စစ်ကောင်စီဂိတ်ကို ပိုက်ဆံပေးရတာတွေရှိကြောင်း၊ နောင်မွန်လမ်းတွင်လည်း TNLA နှင့် ကိုးကန့် အဖွဲ့များက လူငယ်အချို့ကိုဖမ်းဆီးခေါ်ဆောင်သွားတာတွေ တွေ့ရကြောင်း ၎င်း ကဆိုသည်။

လားရှိုးမြို့တွင် ထွက်ခွာတိမ်းရှောင်ရန် အခက်အခဲ ဖြစ်နေသည့်ပြည်သူ အမြောက်အများကျန်ရှိနေသေးပြီး၊ တိုက်ပွဲများဆက်လက်ပြင်းထန်နေကာ လက်နက်ကြီး နှင့် ရှော့တိုက်ဒုံးများ ရပ်ကွက်ထဲကျရောက်ပေါက်ကွဲမှုများရှိနေကြောင်း သိရသည်။

PPV003

Leave a Reply

Your email address will not be published. Required fields are marked *