ခမ်းသားငေါဝ်း
ဇူလိုင် ၉၊ ၂၀၂၄

နားခိုက်ရွာတွင် ရွာသားအိမ်ရှိ ဘုရားဆင်းတုတော် အပြင် ငွေကျပ်သိန်းပေါင်း ၃၄၀ ကျော်နှင့် ပြည်သူပိုင် ပစ္စည်းများကို PNO ပြည်သူ့စစ်က အတင်းအဓမ္မယူဆောင်သွားကြောင်း ဒေသခံများထံသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာတွင် ပြီးခဲ့သည့် ဇူလိုင် ၆ ရက်က PNO ပြည်သူ့စစ် တပ်သားများက ပြည်သူလူထုနေအိမ်ကို ဖောက်ဖျက်ပြီး ပြည်သူ့အိုးအိမ်ပိုင်ပစ္စည်းများကို အတင်းအဓမ္မ ယူဆောင် သွားခြင်းဖြစ်သည်။

‘’အဲနေ့က ရွာသားကိုလည်းဖမ်းဆီးသတ်ဖြတ်တယ်၊ ပြည်သူအိမ်ကိုလည်း အများကြီးဖောက်ထွင်းပစ္စည်းယူတယ်၊ ပြည်သူအိမ်ကိုလည်း မီးရှိုဖျက်စီးတယ်။ တစ်ရက်နှစ်ရက်အတွင်းက ရွာသားတွေ အတိအကျ စာရင်းမရသေးတာ ခုတော့ စာရင်းအတိအကျရပြီ၊ ပအိုဝ်းလူမျိုးအချင်းချင်းကို ဘယ်လောက်ရင်နာဖို့ကောင်းလဲ၊ ဒါတောင် တချို့ဟာ ကျန်သေးတယ်၊ အခုက အရေးကြီးတဲ့ဟာပဲ စာရင်းကောက်ရသေးတာ”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

PNO ပြည်သူ့စစ်က နားခိုက်ရွာရှိနေအိမ် ၁၅၆ အိမ်ကိုဝင်ရောက်ဖျက်ဆီးခဲ့ပြီး အိမ်ထဲရှိ တန်ဖိုးရှိပစ္စည်းများကို အကုန်ယူသွားကြောင်းဆိုသည်။

ထို့အ​ပြင် ကား ၄ စီး၊ ဆိုင်ကယ် ၂၈ စီး၊ ဘုရားဆင်းတုတော် ၁၅ ဆူ၊ ရွှေ ၁၀ ကျပ်သား၊ ငွေသိန်း ၃၄၀ ကျော်၊ ဖုန်း ၁၄ လုံး၊ ပါဝါဘဏ် ၂၆ လုံးလည်း ယူဆောင်သွားခဲ့ကြောင်းဒေသခံစာရင်းကောက်ယူထားချက်အရသိရသည်။

ဇူလိုင် ၆ ရက်နေ့တွင် PNO ပြည်သူ့စစ်က နားခိုက်ရွာအတွင်း နေအိမ် ၈ လုံးဖျက်ဆီးခြင်း၊ အိမ် ၄ လုံးမီးရှို့ဖျက်ဆီးခြင်း၊ ဘုန်းကြီးကျောင်းကိုသေနတ်ဖြင်ပစ်ခတ်ခြင်း၊ ကုန်စုံဆိုင် ၄ ဆိုင်ဖျက်ဆီးခြင်း၊ ကားတစ်စီးကို မီးရှို့ဖျက်ဆီးခြင်း၊ ရွာသား ၈ ဦးကို ရိုက်နက်ခြင်းနှင့် ရွာသား ၃ ဦးကို ပစ်သတ်ခြင်းများ ကျူးလွန်ခဲ့သည်ဟု ဒေသခံများကပြောသည်။

ထိုရွာသားပစ္စည်းနှင့် နေအိမ်ဖျက်ဆီးသည့် PNO ပြည်သူ့စစ်ထဲတွင် နားခိုက်ရွာသားနှစ်ဦးလည်းပါဝင်ပြီး မိမိရွာပြည်သူလူထုကို ပြန်လည်နှိပ်စက်သည့်အတွက် ဒေသခံရွာသားများ ရင်နာမဆုံးဖြစ်ခဲ့ရကြောင်းသိရသည်။

‘’အရမ်းနာကျည်းတယ်၊ ပြည်သူမှာဘာအပြစ်မှမရှိဘူး၊ ရွာသားအိမ်တွေရာကျော် ဖျက်ဆီးတယ်၊ အိမ်ကဘုရား တောင်ယူသွားတယ်လေ၊ လူစိတ်တောင်မရှိတော့ဘူး၊ စစ်သားအချင်းချင်းဆို မပြောလိုတော့ဘူး ပြည်သူကို နှိပ်စက်တာက စိတ်နာတယ်”ဟု ကြုံတွေ့ခဲ့သည့် ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

လက်ရှိတွင် အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်သည့်အတွက် ရွာသားများရွာအတွင်းမနေထိုင်ရဲတော့ပဲ တိမ်းရှောင်နေရကြောင်းသိရသည်။

ပြီးခဲ့ဧပြီလ ၂၁ ရက်နေ့တွင်လည်း နားခိုက်ကျေးရွာရှိ ပြည်သူလူထု၏ နေအိမ် ၇ လုံးကို PNO ပြည်သူ့စစ် က ဝင်ရောက်မီးရှိဖျက်ဆီးခဲ့ကြောင်း၊ နားခိုက်ရွာသည် စစ်ပဋိပက္ခဖြစ်ပွားကတည်းက ရွာသူကြီးမရှိတော့ကြောင်း၊ အိမ်ခြေ ၃၅၀ ကျော်ရှိကြောင်းသိရသည်။

#ppv002

Leave a Reply

Your email address will not be published. Required fields are marked *