ခမ်းသားငေါဝ်း
ဇူလိုင် ၁၀ ၊ ၂၀၂၄

တောင်ထီဗွာကျေးရွာအုပ်စုအတွင်း PNO ပြည်သူ့စစ်က ကားခွန်၊ စက်ခွန်များကောက်ခံနေသည့်အပြင် လစဥ်ငွေကြေး ကောက်ခံနေသည့်အတွက် အခက်အခဲများကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ တောင်ထီဗွာကျေးရွာအုပ်စုအတွင်းတွင် ဇွန်လကစပြီး PNO ပြည်သူ့စစ်က ကားခွန်၊စက်ခွန်များကောက်ခံနေသည့်အပြင် လစဥ်တစ်အိမ် ၃ သောင်း ၅ သောင်းစသည်ဖြင့်ကောက်ခံနေသည်။

“ခုက အလုပ်တွေလည်း မရှိဘူးလေ သူတို့ကလည်း တစ်ခါဘဲကောက်တာမဟုဘူး ဒရုန်းဖိုး၊ကားဖိုး၊ဆီဖိုး လတိုင်းကောက်နေတာ ကြာတော့ အဆင်မပြေတော့ဘူး တစ်ခုကမထည့်နိုင်သေးဘူး နောက်တစ်ခုက ထပ်လာပြန်ပြီ”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ကောက်ခံသည့်အခွန်များမှာ ကားအကြီး၊ လယ်ထွန်စက်များကို တစ်သိန်းကျပ်၊ အိမ်စီးကားများကို ၇ သောင်းကျပ်၊ ထော်လဂျီများကို ၃ သောင်းကျပ်အပြင် အိမ်တိုင်းအိမ်တိုင်းလည်း တစ်အိမ် ၅ သောင်းကျပ်ဖြင့်ကောက်ခံနေကြောင်း ၄င်းကဆက်ပြောသည်။

“ပင်လောင်းတောင်ဘက်ကျေးရွာတွေဖြစ်တဲ့ တောင်ထီဗွာကျေးရွာအုပ်စုတင်မဟုတ်ပါဘူး ဘန့်ဘာကျေးရွာ အုပ်စု ပင်ကလ ပိန္နဲကုန်း ပင်ခွန် ရန်ကင်း ဝါးရန် နဂါးပတ် ဆောင်းခါး စသည့်ကျေးရွာများကိုလည်း လုပ်ငန်းသုံးကားနှင့်စက်များကို တစ်သိန်းခွဲတောင်းယူပြီး အိမ်စီးကားများကို တစ်စီးလျှင် တစ်သိန်းကျပ် အတင်းအဓမ္မငွေတောင်းခံနေကာ မပေးပါက ကားများကို တိုက်ပွဲဖြစ်ရာဒေသများတွင် ချောဆွဲမည်ဟုချိန်းခြောက်ကောက်ခံပါတယ်”ဟု ကိုယ်တိုင်ကြုံတွေ့သူဒေသခံကပြောသည်။

ပင်လောင်းဖက်တွင် ငွေကောက်ခံသည့် ကျေးရွာများသည် တောင်ထီဗွာကျေးရွာအုပ်စုရှိ ကျေးရွာများအပြင် စင်းတောင်း၊ လိန်းညာ၊ ဘန်းဖြာအုပ်စုများလည်း ပိုက်ဆံကောက်ခံနေကြောင်းသိရသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *