ခမ်းသားငေါဝ်း
ဇူလိုင် ၁၀၊ ၂၀၂၄

ချင်းအမျိုးသားတပ်မတော် (CNA) မှ မကွေးတိုင်း ယောဒေသအခြေစိုက် ယောကာကွယ်ရေးတပ်(YDF) မှ တပ်ဖွဲ့ဝင် နှစ်ဦးအား အကြောင်းအရင်း ခိုင်လုံမှုမရှိဘဲ ဖမ်းဆီးထိန်းသိမ်းထားသည့်အတွက် အမြန်ဆုံးပြန်လွှတ်ပေးရန် YDF မှ ဇူလိုင်လ (၉) ရက်နေ့တွင် သဘောထားထုတ်ပြန်ထားသည်။

YDF တပ်ဖွဲ့ဝင် နှစ်ဦးဖြစ်သည့် ထောက်ပို့မှူး ကိုအုပ်သိန်းနှင့် တပ်သား ကိုအောင်သက်ခိုင်တို့သည် ဂန့်ဂေါမြို့နယ် ရောင်နက်ကျေးရွာ အနီးတဝိုက်သို့ YDF မှ ပေးအပ်သည့် တာဝန်ဖြင့်သွားရောက်စဉ် ဇူလိုင်လ (၇)ရက်နေ့ နေ့လယ်ပိုင်းတွင် ချင်းအမျိုးသားတပ်မတော် (CNA) မှ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

YDF တာဝန်ရှိသူများအနေဖြင့် CNA တပ်မဟာမှူးတစ်ဦးထံ ဖမ်းဆီးထိန်းသိမ်းရသည့် အကြောင်းအရင်းနှင့် ပက်သက်ပြီး ချိတ်ဆက်မေးမြန်းရာတွင် ပြစ်မှုရှိ၍ ဖမ်းဆီးခဲ့ခြင်းမဟုတ်ဘဲ ပြစ်မှုမရှိကြောင်းနှင့် မမေးမြန်းရသေးသည့်အတွက် ဘာမှမသိရှိရသေးဟု အကြောင်းပြန်ကြောင်း ယောကာကွယ်ရေးတပ်မှ ဆိုသည်။

CNA အပါအဝင် မည်သည့်တော်လှန်ရေးအဖွဲ့အစည်းကိုမဆို ဘုံရန်သူအား တိုက်ထုတ်နေသည့် တော်လှန်ရေးလက်တွဲဖော်အနေဖြင့် သတ်မှတ်ထားပြီး တော်လှန်ရေးအဖွဲ့အစည်း အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းသည်သာလျှင် ဘုံရန်သူကို ထိရောက်စွာ တွန်းလှန်နိုင်မည်ဖြစ်ကြောင်း ယောကာကွယ်ရေးတပ်မှ ဆိုသည်။

YDF အနေဖြင့် တော်လှန်ရေးဘက်တော်သားအချင်းချင်း ယခုကဲ့သို့ အကြောင်းမဲ့ဖမ်းဆီးခြင်းသည် မဖြစ်သင့်သောလုပ်ရပ်ဟု ယူဆပြီး ရေရှည်တော်လှန်ရေးအကျိုးကို ရှေ့ရှု၍ တော်လှန်ရေးအဖွဲ့အစည်းများအကြား မညီညွတ်မှုနှင့် ပဋိပက္ခများကို ရှောင်ရှားနိုင်ရန်အတွက် CNA မှ ဖမ်းဆီးထိန်းသိမ်းထားသည့် တပ်ဖွဲ့ဝင် နှစ်ဦးအား အမြန်ဆုံးပြန်လွှတ်ပေးရန် လိုအပ်ကြောင်း ယောကာကွယ်ရေးတပ်(YDF) မှ တောင်းဆိုထားသည်။

PPV0010
#လူ့အခွင့်အရေး

Leave a Reply

Your email address will not be published. Required fields are marked *