ခမ်းသားငေါဝ်း
ဇူလိုင် ၆၊ ၂၀၂၄
ပြည်သူများအနေဖြင့် ဖက်ဒရယ်လမ်းစဥ်ကိုသိရှိနားလည်ပြီး ပူးပေါင်းမှ အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ရေးကို ဖော်ဆောင်နိုင်မည်ဟု ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC ကဆိုသည်။
ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC မှ Federal Charter နှင့်ပတ်သက်ပြီး လက်တွေ့မြေပြင်၌ သွားရောက်မျှဝေခြင်းနှင့် အတူ လူထုစည်းရုံးရေးကိစ္စများကို ဇူလို့လပထမပတ်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
” ပြည်သူအများစုကတော့ အာဏာရှင်စနစ်ကို ရွံရှာမုန်းတီးကြတာမှန်တယ်၊ ဒါပေမယ့် သူတို့လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ လမ်းစဥ်အသေးစိတ်ကိုတော့ နားမလည်ကြတာများတယ်၊ ဒါကိုနားလည်ထားပြီး ပူးပေါင်းနိုင်မှ ပန်းတိုင်ကို အမြန်ဆုံးရောက်နိုင်မှာ ဖြစ်တယ်” လို့ PNFC အတွင်းရေးမှူး (၂) ကခမ်းသားငေါဝ်းကိုပြောသည်။
ပြည်သူတွေမျော်မှန်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီကိုတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တစ်ချိန်တည်းပြောင်းလဲ ကျင့်သုံးဖို့ရာ မဖြစ်နိုင်ကြောင်း၊ စစ်အာဏာရှင်စနစ်အမြစ်ပြတ်သွားသည့် နေရာဒေသတစ်ခုချင်းစီမှာပဲ အစားထိုးကျင့်သုံးသွားနိုင်မည်ဖြစ်ကြောင်း ၎င်း ကဆက်ပြောသည်။
ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC သည် မွန်၊ကရင် ပြည်နယ်ရှိ ပအိုဝ်းလူမျိုးများနေထိုင်ရာဒေသများတွင် ဖက်ဒရယ်လမ်းစဥ်နှင့်ပါတ်သက်ပြီး ပြည်သူများအား အသိပညာမျှဝေပေးနေလျှက်ရှိကြောင်းသိရသည်။
#PPV003