ခမ်းသားငေါဝ်း
ဇူလိုင် ၇၊ ၂၀၂၄
နားခိုက်ရွာသားနှစ်ဦးကို တော်လှန်ရေးသမားအားပေးသူဟု PNO ပြည်သူ့စစ်က စွပ်စွဲပြီး ဖမ်းဆီးသတ်ဖြတ်ခဲ့ ကြောင်းဒေသခံများထံသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် နားခိုက်ကျေရွာ ပြည်သူနှစ်ဦးကို ဇူလိုင် ၆ ရက်နေ့က PNO ပြည်သူ့စစ် ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်းသိရသည်။
‘’သူတို့ဖမ်းတာက စစ်သားမဟုတ်ဘူး ရွာသားပဲ၊ အရိုက်လည်းခံရတယ်၊ နှစ်ဦးကိုပစ်သတ်လိုက်တယ်၊ ဖမ်းတာက အများကြီးဖမ်းတာ ဘုန်းကြီးကျောင်းကို ခေါ်လာတာ တချို့က ဘုန်းကြီးတောင်းပန်လို့ ပြန်လွတ်ပေးလိုက်တာ”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
အသတ်ခံရသူသည် နားခိုက်ရွာနေ ခွန်မောင်ချိန်နှင့် ခွန်တနျို့ တို့ဖြစ်ပြီး သူတို့သည် ရွာသားစစ်စစ် ဘယ်လက်နက်ကိုင်အဖွဲ့နှင့်မှ မပတ်သက်ကြောင်းသိရသည်။
‘’ရွာထဲမှာတော့ PNLA တပ်ဖွဲ့ရှိတာမှန်တယ်၊ PDF တွေ၊ ပဒေါင်တွေ မရှိဘူး၊ သူတို့က သတင်းမှား တင်နေ ကြတာ။ PNO ပြည်သူ့စစ်ဘက်ကလည်း ဗမာစစ်တပ်မပါဘူး၊ ပအိုဝ်းတွေပဲ “ဟု ဒေသခံတစ်ဦးဆက်ပြောသည်။
နားခိုက်ရွာမြောက်ဘက်တွင် PNLA တပ်ဖွဲများရှိပြီး PNO ပြည်သူ့စစ်က ရွာတောင်ဘက်မှ စစ်ကြောင်းထိုးလာစဉ် တိုက်ပွဲအနည်းငယ်ဖြစ်ပွားပြီးနောက် ရွာသားနေအိမ်ကို မီးရှို့ဖျက်စီးခြင်းဖြစ်ကြောင်းသိရသည်။
‘’ပြည်သူက သတင်းအမှန်ပဲလိုချင်တယ်၊ စစ်သားတွေကို ဘယ်အဖွဲ့မှရွာသားအားမပေးဘူး၊ PNLA ဘက်က လည်း ရွာထဲမနေနဲ့၊ PNO ပြည်သူ့စစ်လည်း ပြည်သူကိုမနှိက်စက်နဲ့ ရွာသားတွေက ဘာအပြစ်မှမရှိဘူး၊ PNO က ထမင်းထုပ်တောင်းလည်းပေးရတယ်၊ ရွာသားကိုလည်း နှိက်စက်သတ်ဖြတ်တယ်၊ သတင်းတင်တာလည်း သတင်းမှားတွေပဲ တင်တယ်၊” ဟုနားခိုက်ရွာသားတစ်ဦးကပြောသည်။
PNO ပြည်သူ့စစ်သည် နားခိုက်ရွာကို မီးရှို့ဖျက်ဆီးရာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) စစ်ဦးစီးချုပ်၏ မိသားစုပိုင် နေအိမ် အပါအဝင် ပြည်သူလူထုနေအိမ် ၆ လုံးနှင့် ကားတစ်စီး မီးလောင်ပျက်စီးပြီး ရွာသား ဆိုင်ကယ်များ၊ ကားများနှင့် ဖုန်းများကိုလည်း လုယူသွားခဲ့သည်။
ထို့အပြင် PNO ပြည်သူ့စစ်က ရွာထဲရှိကုန်စုံဆိုင်မှပစ္စည်းများကိုလည်း လုယူသိမ်းသွားကြောင်း၊ ရွာသားများသည် နေအိမ်၌မနေရဲဘဲတောထဲသို့တိမ်းရှောင်နေရကြောင်းသိရသည်။
ပြီးခဲ့ဧပြီလ ၂၁ ရက်နေ့တွင်လည်း နားခိုက်ကျေးရွာရှိ ပြည်သူလူထု၏ နေအိမ် ၇ လုံးကို PNO ပြည်သူ့စစ် က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ နားခိုက်ရွာသည် စစ်ပဋိပက္ခဖြစ်ပွားကတည်းက ရွာသူကြီးမရှိတော့ကြောင်း၊ အိမ်ခြေ ၃၅၀ ကျော်ရှိကြောင်းသိရသည်။
စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့ကလည်း နားခိုက်ကျေးရွာ အနီး ထမ်းယံတိုင်ကျေးရွာနေ ခွန်တငွေကို ပစ်သတ်ခဲ့ပြီး ခွန်ငွေ၏မိတ်ဆွေ ခွန်မောင်ပေးကို ဖမ်းဆီးသွားခဲ့ ကြောင်းသိ ရသည်။
#ppv002