ခမ်းသားငေါဝ်း
ဇူလိုင် ၆၊ ၂၀၂၄

ပင်လောင်းမြို့နယ်တောင်ဘက်ဒေသတွင်ဒေသခံများကိုရက်ပိုင်း ပြည်သူစစ်သင်တန်းအတင်းအဓမ္မ တက်ခိုင်းပြီးနောက် ထိုသင်တန်းသားကို PNO ပြည်သူ့စစ်ကရှေ့တန်းသို့ပို့ဆောင်စေခဲ့ ကြောင်း ဒေသခံများထံ သိရသည်။

ပင်လောင်းမြို့နယ် ဆောင်းပြောင်းဒေသတွင် တိုက်ပွဲပြင်းထန်ပြီးနောက် PNO ပြည်သူ့စစ် ဒုစစ်ဦးစီးချုပ် နေဝင်းထွန်း၏ အမိန့်ဖြင့် ဒေသခံရွာသားများကို တိုက်ပွဲဖြစ်ပွားသည့်ဆောင်းပြောင်းဘက် ရှေ့တန်းသို့ ပို့ဆောင်စေခဲ့ကြောင်း ဒေသခံများကပြောသည်။

‘’ PNO ပြည်သူ့စစ် ဒုစစ်ဦးစီးချုပ် နေဝင်းထွန်းကိုယ်တိုင်ဆင်းလာပြီး ထီဗိဘုန်းကြီးကျောင်းတကာမှ ရွာခြောက်ရွာထဲက စစ်သင်တန်းသုံးရက်တက်ရောက်ဖူးသူကို လက်နက်နဲ့စစ်ဝတ်စုံတွေ ပေးပြီး ရပ်ရွာကာကွယ်ဖို့အတွက်လို့ပြောပေမယ့် ခြောက်ရက်မြောက်နေ့မှာ ရှေ့တန်းကိုပို့ဆောင်တာ၊ အပို့ခံရတဲ့သူ မိသားစုတွေကတော့ ငိုယိုနေတာပေါ့” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

PNO ပြည်သူ့စစ် ဒုစစ်ဦးစီးချုပ် နေဝင်းထွန်းက ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့မှ လာရောက်ပြောဆိုခဲ့ခြင်းဖြစ်ပြီး လက်နက် ၄၀၀ ဝန်းကျင်လာရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။

ပင်လောင်းတောင်ဘက်ကျေးရွာများဖြစ်သည့် တခါးယဉ်၊ လိန်းညာ၊ ထီဗိ၊ ဟံးတနျား၊ ညောင်မွူးတတောက် ရွာများကို အသက်၁၈ နှစ်မှ ၄၀ နှစ်အကြား အမျိုးသားများအကုန် ပြည်သူ့စစ်သင်တန်း အတင်းအဓမ္မတက်ခိုင်း ခံရကြောင်းသိရသည်။

ပင်လောင်းမြို့နယ်တွင် လူဦးရေ တစ်သိန်းရှစ်သောင်းရှိပြီး လူဦးရေရှစ်သောင်းသည် အရွယ်မှန်၊ လူငယ် လူလတ်ပိုင်းများဖြစ်ကြပြီး PNO ပြည်သူ့စစ်ကရပ်ရွာလုံခြုံရေးဟုအကြောင်းပြပြီး အတင်းအဓမ္မစစ်သားခေါ်ယူသင်တန်းတက်စေခဲ့ ကြောင်းသိရသည်။

#ppv002

Leave a Reply

Your email address will not be published. Required fields are marked *