ခမ်းသားငေါဝ်း
ဇူလိုင် ၆၊ ၂၀၂၄
နားခိုက်ကျေးရွာကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က မီးရှို့ဖျက်ဆီးသွားကြောင်း PNLA ထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ယနေ့မနက် ၉ နာရီခန့်အချိန်ကမီးရှို့ဖျက်ဆီးခဲ့သည်။
” စစ်ကောင်စီက လက်နက်ကြီးနဲ့ ရွာထဲကိုအရင်ပစ်တယ်၊ ပြီးတော့မှ စစ်ကောင်စီလက်ပါးစေ PNO ပြည်သူ့စစ်က ရွာထဲဝင်ပြီးမီးရှို့တာဖြစ်တယ်” ဟု PNLA ပြောရေးဆိုခွင့်ရှိသူခွန်ရိန်းယံကခမ်းသားငေါဝ်းကိုပြောသည်။
မီးရှို့မှုကြောင့် နေအိမ် ၆ လုံးမီးလောင်သွားကြောင်း၊ အချို့အိမ်သည် ရဟန်းသံဃာတော် နှင့် ပြည်သူ ဝိုင်းဝန်းငြိမ်း၍ မီးမကူးနိုင်ခဲ့ကြောင်း ၎င်း ကဆက်ပြောသည်။
ထို့အပြင် နားခိုက်ရွာဒေသခံ ဦးဖူတောင်းကို PNO ပြည်သူ့စစ်က ရိုက်နက်နှိက်စက်သဖြင့်ဒဏ်ရာအပြင်းအထန်ရရှိသလို တချို့ရွာသားများကတောထဲတိမ်းရှောင်နေရကြောင်း PNLA သတင်းထုတ်ပြန်ချက် အရသိရသည်။
နားခိုက်ဒေသခံတစ်ဦးက “မှန်ပါတယ် မီးလောင်တာခုထိလုံးဝငြိမ်းမသွားသေးဘူး”ဟုပြောသည်။
စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် အင် အား ၁၅၀ ခန့်သည် ကျေးရွာအတွင်းစစ်ကြောင်း ထိုးဝင်ရောက်ကာ နေအိမ်များမီးရှို့ခဲ့သည့်အပြင် ပြည်သူပိုင် ကား၊ဆိုင်ကယ် နှင့်တန်ဖိုးကြီးပစ္စည်းများကိုလည်းယူဆောင်သွားခဲ့ကြောင်းသိရသည်။
“ကျွန်တော်တို့ စစ်ဦးချုပ်ရဲ့ဇာတိရွာဆိုတော့အငြိုးနဲ့ လုပ်တယ်လို့ယူဆရပါတယ်။ ပြည်သူ့စစ်ဟာ သခင်အားရကျွန်ပါးဝ ဖြစ်နေပြီ ပြည်သူကိုအမျိုးမျိုးနှိက်စက်တယ်”ဟု ခွန်ရိန်းယံကဆက်ပြောသည်။
စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်နေ့တွင်လည်း နားခိုက်ကျေးရွာရှိ PNLA စစ်ဦးစီးချုပ် မိသားစုပိုင် နေအိမ်အပါအဝင် နေအိမ် ၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
#PPV003