ခမ်းသားငေါဝ်း
ဇူလိုင် ၄၊ ၂၀၂၄

ဆီဆိုင်မြို့၌ တိုက်ပွဲအတွင်း ပျက်စီးသွားသည့်အိမ်များအား ထောက်ပံ့ကြေးပေးရာတွင် မြေပြင်ရှိပြည်သူများ အပြည့်အဝမရနေကြောင်း ဒေသခံထံမှ သိရသည်၊၊

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင် တိုက်ပွဲ တွင်းနေအိမ်မီးလောင်သွားသည့်သူများကို စစ်ကောင်စီက ထောက်ပံ့ကြေးပေးရာတွင် မြေပြင်ရှိပြည်သူများ အပြည့်အဝမရဘဲ ချန်ထားခံရမှုရှိနေကြောင်း သိရသည်၊၊

”ကျွန်တော်တို့ဆီဆိုင်က ပြည်သူတွေအဆင်မပြေဘူးဗျာ ထွေအုပ်ဥက္ကဌအောင်ဆန်းဦးက ထောက်ပံ့ကြေးတွေဘုန်း(စား)နေတယ် သူကျတော့ဆီဆိုင်မှာမအိပ်ဘူး အောက်ကလူတွေကိုကျတော့ ဖိအားပေးတာတွေလုပ်နေတယ် ဒီလူတွေကိုဌာနဆိုင်ရာကလူတွေနဲ့ ပြည်သူတွေ လူမုန်းများနေပြီ သူနဲ့အဆင်ပြေတဲ့သူကိုပဲပေးတယ် သေချာမြေပြင်စာရင်းမကောက်ဘူးဗျ ပြည်သူတွေကနစ်နာနေတယ် ကျွန်တော်အိမ်လည်း မီးလောင်တယ်မရဘူးဗျာ့”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်၊၊

အိမ်မီးလောင်ပျက်စီးသွားသည့်အတွက်ထောက်ပံ့ကြေးမရသည့်အပြင် PNO ပြည်သူ့စစ် ကစစ်စရိတ်ဟုဆိုပြီး ကောက်ခံသည့် ငွေကြေးအား မရှိသည့်ကြားက ၁ သိန်းပေးခဲ့ရသေးကြောင်း၄င်းကဆက်ပြောသည်၊၊

“ငွေမရှိလို့ ခက်ခဲနေတာဗျာ သူတို့က ကောက်နေတာ”ဟု ၄င်းကပြောသည်၊၊

ထောက်ပံ့ကျေးပေးရာတွင်လည်း အိမ်တစ်ခုလုံးပျက်စီးသည့်အိမ်အား ၁၀ သိန်း၊ တစ်ချို့တစ်ဝက်ပျက်စီးသည့်အိမ်အား ၆ သိန်း၊ အနည်းငယ်ပျက်စီးသည့်အိမ်အား ၂ သိန်း ၉ သောင်းသတ်မှတ်ထားသော်လည်း မြေပြင်တွင်အပြည့်အဝမရရှိနေကြောင်း သိရသည်၊၊

နောက်ဒေသခံတစ်ဦးကလည်း ” မြကန်သာရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်၊ အောင်သပြေရပ်ကွက်တွေမှာ မီးလောင်ခံရတဲ့အိမ်အားလုံးမရဘူးလို့ကြားတယ် သီရိရပ်ကွက်၊ မင်္ဂလာရပ်ကွက်နဲ့ ဟိုခဲရပ်ကွက်တော့ မသိရသေးဘူး စာရင်းကောက်တုန်းက စေ့စပ်သေချာ မကောက်ယူခဲ့ကြလို့ ကျန်ခဲ့ပုံရပါတယ်” ဟုပြောသည်၊၊

ဆီဆိုင်မြို့တွင် လက်ရှိတိုက်ပွဲငြိမ်နေသော်လည်း ပြည်သူများ စိုးရိမ်စိတ်နှင့်နေနေရပြီး အခြေခံလူတန်းစားများအတွက် အလုပ်အကိုင်ရှားပါးခြင်း၊ စိုက်ပျိုးရေးတွင်လည်း ရေရှည်အပင်ထက် ရေတိုအပင်သာစိုက်ပျိုးနေကြပြီး မည်သည့်အချိန်တွင်ပြေးရမည်အား ကြိုတင်ပြင်ဆင်နေရကြောင်း သိရသည်၊၊

ဆီဆိုင်ဒေသခံ များသည် ပြီးခဲ့သည့် မေလ ပထမပတ်အတွင်း စစ်ဘေးတိမ်းရှောင်ရာမီ နေရပ်ပြန်လာကြပြီး ပြန်လည်ထူထောင်ရေးအတွက်အခက်ခဲရှိနေကြောင်းသိရသည်။

PPV009

Leave a Reply

Your email address will not be published. Required fields are marked *