ခမ်းသားငေါဝ်း
ဇူလိုင် ၄၊ ၂၀၂၄

နယ်မြေမငြိမ်သက်မှုကြောင့် စံကားဒေသရှိ ဘုရားတောင်ရေဆိပ်စာသင်ကျောင်း ယာယီပိတ်ထားလိုက်ရကြောင်း ဒေသခံတစ်ဦးပြောဆိုချက်အရ ဇူလိုင်လ(၄)ရက်နေ့တွင် သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်‌ရွှေမြို့နယ်၊ စံကားဒေသတွင်ရှိသည့် ဘုရားတောင်ရေဆိပ်စာသင်ကျောင်းသည် နယ်မြေငြိမ်သက်မှုမရှိသည့်အတွက် ဇူလိုင်လ(၃)ရက်နေ့မှစပြီး ယာယီပိတ်လိုက်သည်။

“မနေ့ကဘုရားတောင်ကျောင်းတောင်ပေါ်ထိ တော်လှန်‌ရေးသမားတွေတက်လာတယ်လို့ပြောတာပဲ၊ မနေ့ကအဲ့မှာ ပစ်ခတ်မှုတွေတော့မကြားမိဘူး စာသင်ကျောင်းကတော့ယာယီ(၁၀)ရက် ပိတ်လိုက်တယ်ကြားတယ်၊ ကျောင်းသားတွေလည်းပြန်ကုန်ကြပြီ ယာယီ(၁၀)ရက်ပိတ်တာဆိုပေမဲ့ ဒီအခြေအနေကြီးက ကျောင်းပြန်မဖွင့်တော့မာကိုလည်းစိုးရိမ်တယ်” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

တော်လှန်ရေးသမားများ ခနရောက်လာပြီး လှည့်ပြန်သွားကြောင်း ထီခိုးကျေးရွာတွင်လည်း တိုက်ပွဲဖြစ်လာမည်ကိုစိုးရိမ်သောကြောင့် ဒေသခံပြည်သူများကို PNOပြည်သူ့စစ်က ရွာလုံးကျွတ်ကြိုတင်တိမ်းရှောင်ထားခိုင်းကြောင်း သိရသည်။

နောက်ထပ်ဒေသခံတစ်ဦးက “မနေ့ကထီခိုးဘက်ပစ်ခံသံနဲနဲကြားတယ်၊ ဘုရားတောင်စာသင်ကျောင်းကတော့ ပိတ်လိုက်ပြီ၊ အနောက်ဘက်ကမ်း သစ်ပင်ကောက်ရွာဘက်တွေကတော့ စစ်ဘေးရှောင်ရာကနေ ပြန်လာနေကြပြီ ဒါပေမဲ့အခြေနေကြီးကမဟန်ဘူး၊ မိုးဦးဘက်မှာနေ့တိုင်း လက်နက်သံတွေကြားနေရတော့ ထပ်ပြေးရမယ်ထင်တာပဲ” ဟုပြောသည်။

လက်ရှိအချိန် စံကားဒေသတောင်ဘက် ထီရီးကျေးရွာဘက်တစ်လျောက်တွင် စစ်ကောင်စီ၊ လက်အောက်ခံပြည်သူ့စစ်နှင့် တော်လှန်ရေးအဖွဲ့များက နှစ်ဖက်အပြိုင် အင်အားဖြည့်တင်းနေကြသောကြောင့် တိုက်ပွဲထပ်မံဖြစ်ပွားမည်ကို ဒေသခံများကစိုးရိမ်နေကြကြောင်း သိရသည်။

#PPV007
#လူ့အခွင့်အရေး

Leave a Reply

Your email address will not be published. Required fields are marked *