ခမ်းသားငေါဝ်း
ဇွန်လ ၂၈၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ မိုးကုတ်နှင့် ကျောက်မဲ မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရသွားကြောင်း TNLA ကထုတ်ပြန်ထားသည်။

ကျောက်မဲ မြို့တွင် ဇွန်လ ၂၇ ရက်နေ့၌ နေအိမ်ပေါ်လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ရပ်ကွက် ၂ ရှိ အသက် ၆၀ အရွယ်အမျိုးသားတစ်ဦးနှင့် အသက် ၅၀ အရွယ်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နောင်ချိုမြို့တွင်လည်းလက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ရပ်ကွက် ၄ ရှိ အသက် ၂၇ နှစ်အရွယ် ကျော်နန္ဒဦး ဆိုသူ၏ ခြေထောက်တစ်ဖက် ထိမှန်ဆုံးရှုံးသွားကြောင်းသိရသည်။

ထို့အပြင် နောင်ချိုမြို့ ရပ်ကွက် ၄ တွင်နေထိုင်သည့် အသက် ၂၃ နှစ်အရွယ် မချယ်ရီထိန်း နှင့် အသက် ၁၆ နှစ်အရွယ် မထက်ရီဝင်းဆိုသူ အမျိုးသမီးနှစ်ဦးသည် ဆိုင်ကယ်မောင်းနေစဥ် စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ကြောင်းသိရသည်။

ထို့အတူ မိုးကုတ်မြို့ အနောက်ပိုင်း ကသဲရပ်ကွက်တွင်လည်း လက်နက်ကြီး ၁ လုံးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံးသွားခဲ့ပြီး မိုးမိတ် ဖဒန်ရွာ၌လည်း စစ်ကောင်စီက ဒရုန်း ၂ လုံးဖြင့်တိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ် ၃ လုံးထက်မနည်းပျက်စီးသွားကြောင်းသိရသည်။

ကျောက်မဲတွင်လည်း ဇွန်လ ၂၅ရက် နှင့် ၂၆ ရက်နေ့၌ စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၆ ဦးသေဆုံးပြီး ၂၀ ဦးဒဏ်ရာရသည့်အပြင် ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်းရှိ အောင်မြေသာယာဘုန်းကြီးကျောင်းနှင့် ဘုန်းကြီးပညာရေးကျောင်းထိခိုက်ပျက်စီးသွားခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။

#PPV003

Leave a Reply

Your email address will not be published. Required fields are marked *