ခမ်းသားငေါဝ်း
ဇွန် ၂၇၊ ၂၀၂၄
နောင်ချိုမြို့ရှိစစ်ကောင်စီစခန်း ၂ ခုကို TNLAနှင့်ပူးပေါင်းတပ်ဖွဲ့များက ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)တတိယရက်တွင် ထပ်မံသိမ်းပိုက်ရရှိထားကြောင်း PSLF/TNLAသတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့တွင် ထုတ်ပြန်လိုက်သည်။
ယနေ့နံနက်(၁၀)နာရီအချိန်တွင် အုမ္မခါးရွာမှ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို တအောင်းတပ်TNLAမှသိမ်းပိုက်နိုင်ခဲ့ပြီး တဆက်တည်းမှာပင် TNLAနှင့် မန္တလေး MYD-PDFပူးပေါင်းတပ်ဖွဲ့တို့မှ စစ်ကောင်စီတပ်ရင်း(၆၀၆)တပ်စခန်းအား နံနက်(၁၁)နာရီအချိန်တွင် သိမ်းပိုင်းနိုင်ခဲ့ကာ နံနက်(၁၁း၅၀)အချိန်တွင် စစ်ကောင်စီမှ Y-12လေယဥ်ဖြင့် လာရောက်ဗုံးကြဲခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့အတူတိုက်ပွဲဖြစ်ပွားနေသည့်နောင်ချိုမြို့တွင် နံနက်(၁၁း၁၄)အချိန်၌ တအောင်းတပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်နေသည့်စစ်ကောင်စီတပ်ရင်း(၁၁၄)တပ်စခန်းအား စစ်ကောင်စီမှ Y-12လေယဥ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး (၁၁း၃၀)အချိန်တွင်လည်း ဂျတ်ဖိုက်တာဖြင့်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းဖော်ပြထားသည်။
မိုးကုတ်မြို့နယ်အေးစေတီတွင်တပ်စွဲထားသည့် စစ်ကောင်စီ ခလရ(၈၈)လက်အောက်ခံ လပခ၊ခလရ-၁၄၈တပ်စခန်းအား ဇွန်လ(၂၇)ရက်နံနက် (၈း၃၀)အချိန်တွင် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLAမှ ထိုးဆင်တိုက်ခဲ့ပြီး နံနက်(၅း၄၀)အချန်တွင် ကျောက်မဲမြို့တွင် တအောင်းတပ် TNLAနှင့်MDY-PDFပူးပေါင်းတပ်ဖွဲ့တို့က စစ်ကောင်စီတပ် စကခ(၁)၊ခမရ(၅၀၁)၊ (၅၀၂)တပ်အား စည်ပင်ဘုန်းတော်ကြီးကျောင်းနှင့် နောင်ပြစ်စသည့်နေရာများတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဇွန်လ၂၆ရက် ကျောက်မဲမြို့နယ်တွင်လည်းတအောင်းတပ်ထံ လက်နက်ချ အလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်(၁၇)နှင့်အတူ ၆၀မမ(၂)လက်၊ စလတ်(၆)လက်၊ RPG-7(၂)လက်၊စနိုက်ဘာ(၁)လက်၊ ပစ္စည်းတို(၅)လက်၊ မိုင်း(၅)လုံး၊ ၆၀မမဗုံးသီးနှင့် RPGဗုံးသီးများအပြင် စစ်အသုံးအဆောင်ပစ္စည်းများ လက်နက်မျိုးစုံ(၅၉)မျိုးနှင့် ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့သည်။
#PPV008