ခမ်းသားငေါဝ်း
ဇွန် ၂၇၊ ၂၀၂၄

ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း ဇွန်လ(၂၆)ရက်နေ့၌ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အနောက်တောင်ဘက်ခြမ်း၊ အရှေ့ဘက်ခြမ်းနှင့် အရှေ့မြောက်ဘက်ခြမ်းတွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေသည်ဟု သိရသည်။

“အဓိကကတော့ စစ်ကောင်စီတွေက စစ်ကြောင်းထိုးလာတယ် ထိုးစစ်ဆင်လာတဲ့အတွက်ကြောင့် တိုက်ပွဲတွေဖြစ်ပွားနေရတာဖြစ်ပါတယ်”ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရုဲင်းယံက ခမ်းသားငေါဝ်းကိုပြောသည်။

လွယ်မောတောင်ဒေသရှိ ပအိုဝ်းကျေးရွာများကို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များက တစ်အိမ်(၃)သောင်းကျပ် ဆက်ကြေးကောက်ခံမှုများလည်းရှိကြောင်းသိရသည်။

“ဒါကပြောရရင်တော့ အင်မတန်မှစိုးရိမ်စရာကောင်းပါတယ်၊ ဒေသခံတွေကို ရွာပြင်လည်းပေးမထွက်ဘူး တောင်ယာစိုက်ပျိုးရေးလည်း ပေးမလုပ်ဘူး၊ ပြီးတော့ဒေသခံတွေဆီလည်း ငွေကြေးတွေ ဆက်ကြေးတွေပြန်တောင်းတယ်ဆိုတာ ဒါကအင်မတန်မှ အောက်တန်းကျတဲ့လုပ်ရပ်လည်းဖြစ်ပါတယ်”ဟု ၎င်းကဆက်ပြောသည်။

တိုက်ပွဲအတွင်းစစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်လာခြင်းကြောင့် လက်နက်ကြီးကျည်အချို့သည် ကျေးရွာအတွင်းကျရောက်ပြီး ပြည်သူလူထု၏နေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့အပြင်ဆီဆိုင်မြို့နယ်တွင် စစ်ဘေးရှောင်ရာမှ ပြန်လာသည့်ပြည်သူများကို PNOပြည်သူ့စစ်က စစ်မှုထမ်းခေါ်ယူနေပြီး ငွေကောက်ခံမှုများလည်း ပြုလုပ်နေကြောင်း ဒေသခံထံမှသိရသည်။

#PPV007

Leave a Reply

Your email address will not be published. Required fields are marked *