ခမ်းသားငေါဝ်း
ဇွန်လ၂၅ ၊ ၂၀၂၄

ရှမ်းမြောက်၊ ကျောက်မဲ၊ နောင်ချိုမြို့နယ်တွင် ယနေ့မနက်အစောပိုင်းက စစ်ကောင်စီနှင့် နှစ်ဲဖက်တိုက်ပွဲ ပြန်ဖြစ်နေပြီဟု PSLF/TNLA သတင်းနှင့်ပြန်ကြား ရေးဌာနက တရားဝင် သတင်းထုတ်ပြန်လိုက်သည်။

နောင်ချိုမြို့နယ် ကျောက်ကြမ်းရွာတွင် ယနေ့နံနက် ၅ နာရီခွဲ အချိန်က တိုက်ပွဲစတင်ဖြစ်ပွားပြီး စစ်ကောင်စီက jet fighter ဖြင့် ဗုံးလေးလုံးလာရောက်ပစ်ခတ်ခဲ့ကြောင်းသိရသည်။

ထို့အပြင် ကျောက်မဲမြို့နယ် ငြိမ်းချမ်းရေးကုန်းတွင်လည်း တပြိုင်နက် တိုက်ပွဲဖြစ်ပွားခဲ့သည်။

မိုးကုတ် မြို့နယ် ပန်းဆပေရွာတွင် နံနက် ၉ နာရီကျော်အချိန်တွင်လည်း TNLAနှင့် စစ်ကောင်စီ တို့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLAထုတ်ပြန်ချက်အရသိရသည်။

PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက လက်ရှိနှစ်ဖက်တိုက်ပွဲကို ၁၀၂၇ စစ်ဆင်ရေးအဆက်ဟုပြောဆိုထားသည်။

၂၀၂၃ အောက်တိုဘာ ၂၇ ရက်နေ့ စတင်ခဲ့သည့် မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ ရှမ်းမြောက်စစ်ဆင်ရေးသည် ၂၀၂၄ ဇန်နဝါရီလ၌ တရုတ်နိုင်ငံ ကြားဝင်မှုနှင့် ဟိုင်ဂင်အပစ်ရပ်သဘောတူညီချက်ကို ရခဲ့ကြသော်လည်း ၅ လဝန်းကျင်အကြာတွင် တကျော့ပြန်တိုက်ပွဲ ပြန်ဖြစ်ပွားလာခြင်းဖြစ်သည်။

ယာယီအပစ်ရပ် သဘောတူညီချက်များကို စစ်ကောင်စီဘက်က အကြိမ်ကြိမ် ချိုးဖေါက်နေသည့်အကြောင်းလည်း AA အာရက္ခတပ်တော်၊ MNDAA ကိုးကန့်တပ်ဖွဲ့နဲ့ TNLA တအာင်းတပ် (မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့) က အပစ်ရပ်စဉ်ကာလအတွင်း ကျယ်ကျယ်လောင်လောင် ပြောဆိုခဲ့ကြသည်။

#ppv002

Leave a Reply

Your email address will not be published. Required fields are marked *