ခမ်းသားငေါဝ်း
ဇွန် ၂၄ ၊ ၂၀၂၄

မူဆယ်မြို့နယ်တွင် ကျွဲတစ်ကောင်ရမ်းခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး (၁၉)ဦးဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော် TNLA က ဇွန်လ၂၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

တအာင်းဒေသ တပ်မဟာ(၁)စစ်ဒေသ မူဆယ်မြို့နယ် မိုင်းယု(105)မိုင်ရွာတွင် ဇွန်လ၂၂ရက်နေ့တွင် ကျွဲတစ်ကောင် ရွာအတွင်း လိုက်လံ ရမ်းခတ်မှုကြောင့် အမျိုးသမီး (၁)ဦး သေဆုံးပြီး(၁၉)ဦး ဒဏ်ရာရရှိခဲ့သည်။

ကျွဲခတ်ခံရသည့် နယ်မြေ(၃)နေ ဒေါ်ကြာအေး အသက်(၅၂) နှစ်ဆိုသူသည် နံရိုးနှင့် ရင်ဘတ်ကို ကျွဲခတ်ခံရခြင်းကြောင့် ကွတ်ခိုင်ဆေးရုံသို့ ပို့ဆောင်ဆေးကုသနေစဥ် ယနေ့ နံနက်ပိုင်းအချိန်တွင် သေဆုံးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင်ပြောပါသည်။

ကျွဲလိုက်လံတိုက်ခတ်မှုကြောင့် ညှပ်ရိုး၊ နံရိုးကျိုး၊ ကျောအဆစ်ပြားနှင့် ရင်ဘတ် ပြင်းထန်ဒဏ်ရာရရှိသူ (၃) ဦးကို လက်ရှိ ကွတ်ခိုင်ဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး ပေါင်နှင့် လက် ဒဏ်ရာအနည်းငယ် ရရှိသည့် (၁၆)ဦးကို (105)မိုင် ဆေးခန်းနှင့် ကြက်ခြေနီရုံးဆေးခန်းတွင်သာ ဆေးကုသမှုခံယူနေကြသည်။

အဆိုပါကျွဲအား ဖမ်းဆီးရန်ကြိုးပမ်းသော်လည်း မရရှိသောကြောင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး သေဆုံးမှုနှင့် ထိခိုက်မှု နစ်နာမှု ကြုံတွေ့ခံစားခဲ့ရသူများအတွက် ကုစားပေးနိုင်ရန်အတွက် PSLF/TNLA တာဝန်ရှိသူများမှ ကျွဲပိုင်ရှင်နှင့်အတူ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *