ခမ်းသားငေါဝ်း

ဇွန် ၂၀၊ ၂၀၂၄

တောင်ကြီးမြို့တွင် အိမ်ငှားခ စျေးမြှင့်တက်လာသည့်အတွက် အဆောင်ငှားနေသူများနှင့် အိမ်ငှားနေသည့် စစ်ဘေးရှောင်များအခက်အခဲရှိနေကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ပေါ်တွင် အိမ်ငှားခယခင်ထက် စျေးများစွာမြှင့်တက်လာသည့်အတွက် အဆောင်ငှားနေသူများနှင့် အိမ်ငှားနေသည့် စစ်ဘေးရှောင်များ သတ်မှတ်ထားသည့်စျေးအတိုင်း မတတ်နိုင်ကြသည့်အတွက် အခက်အခဲဖြစ်နေကြကြောင်းသိရသည်။

“အရင်တုန်းက အဆောင်ငှားနေရင် တစ်ယောက်ခန်းဆိုရင် ၃ သောင်းခွဲ ၄ သောင်းရသေးတယ် ခုက ၅ သောင်းတောင်ခပ်ရှားရှား တစ်ခန်း ၆ သောင်းနဲ့အထက်တွေပဲများနေတယ် ကျောင်းတက်လို့ငှားနေတယ်ဆိုရင်လည်း စားစရိတ်နဲ့ တအားကုန်ကျများတယ် အလုပ်လုပ်ရင်လည်း လစာနဲ့မကိုက်တော့ဘူး အရေးထဲ ဟင်းသီးဟင်းရွက်ကပါစျေးတက်နေတော့ အရမ်းအခက်တွေ့တယ်”ဟု အဆောင်ငှားနေသူအမျိုးသမီးတစ်ဦးကပြောသည်။

ထို့အတူ ယခင်က အိမ်လုံးချင်းတစ်လုံးလျှင် တစ်သိန်းကျပ် တစ်သိန်းခွဲကျပ်နှင့်ရသော်လည်း ယခုတွင်မူ နှစ်သိန်းနှင့်အထက်မြှင့်တက်လာသည့်အတွက် အိမ်ငှားနေသူများ အခက်အခဲဖြစ်နေကြောင်းသိရပါသည်။

“ကျွန်မတို့ဆိုရင် စစ်‌ရှောင်တာလေ တချို့ဘုန်းကြီးကျောင်းတွေကလက်မခံတာမျိုးရှိတယ် ဆိုတော့ အိမ်ငှားရင်လည်း နှစ်သိန်းခွဲ သုံးသိန်းတွေပဲများတယ် နှစ်သိန်းခွဲတောင်ရှာရအရမ်းခက်တယ် အလုပ်လည်းရှားတော့ အရမ်းအခက်အခဲဖြစ်တယ်”ဟု အိမ်ငှားနေသူ စစ်ရှောင်တစ်ဦးကပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြည်သူအမြောက်အများ စစ်ဘေးဒုက္ခခံစားနေရပြီး ကုန်စျေးနှုန်းမြှင့်တက်ခြင်းကိုပါခံနေရသည့်အတွက် အခက်အခဲများစွာကြုံတွေ့နေရကြောင်းသိရပါသည်။

#PPV008

Leave a Reply

Your email address will not be published. Required fields are marked *