ခမ်းသားငေါဝ်း
ဇွန် ၁၉၊ ၂၀၂၄

ဆီဆိုင်မြို့နယ်၊ လွယ်မောတောင်ဘက် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ကဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ လွယ်မောတောင်ဒေသ ထမ်းယံတိုင်ကျေးရွာအနီး၌ ဇွန်လ ၁၈ ရက်နေ့တွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလာသဖြင့် PNLA နှင့်တိုက်ပွဲ ဖြစ်ပွားကာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့သည်။

” ကျွန်တော်တို့နေထိုင်တဲ့တောတောင်ဘက်ကို စစ်ကောင်စီကစစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲဖြစ်ကြတယ်၊ သူတို့ဘက်က ၃ ယောက်ကျပြီးတော့ ပြန်ဆုတ်သွားတယ်” ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ခမ်းသားငေါဝ်းကိုပြောသည်။

စစ်ကောင်စီတပ်က ကျေးရွာစာသင်ကျောင်းတွင် တပ်စွဲထားခြင်းကြောင့် ကလေးပညာရေးဆုံးရှုံးနေကြောင်း၊ ရွာထဲကိုလက်နက်ကြီးအထိုင်ချပြီး တောင်ယာဘက်ကို ပစ်ခတ်နေကြောင်း၊ ရွာသူရွာသားများကိုလည်း အပြင်ထွက်ခွင့်ပိတ်ထားကြောင်း ၎င်းကဆက်ပြောသည်။

ပြည်သူများအား ရွာအပြင်ဘက်တွင်လည်းကောင်း၊ တောင်ယာထဲတွင်လည်းကောင်း တွေ့ရှိပါက တော်လှန်ရေးတပ်ဖွဲ့ဝင်များဟု သတ်မှတ်ကာ ပစ်သတ်မည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ထားခြင်းကြောင့် စိုက်ပျိုးရာသီဖြစ်သော်လည်း ရွာသားများမှာ စိုက်ပျိုးရေးလုပ်ငန်းခွင် ဝင်ရောက်နိုင်ခြင်းမရှိသေးကြောင်းသိရသည်။

ထို့အပြင် စစ်ကောင်စီနှင့်လက်အောက်ခံပြည်သူ့စစ်တို့သည် နေ့စဥ် ၎င်းတို့အတွက် အသားဟင်းများဖြင့်ထမင်းချက်ခိုင်းခြင်း ထမင်းထုပ်ပို့ခိုင်းခြင်းများကြောင့် ပြည်သူများဒုက္ခရောက်နေကြောင်း သိရသည်။

PPV 003

Leave a Reply

Your email address will not be published. Required fields are marked *