ခမ်းသားငေါဝ်း
ဇွန် ၂၀၊ ၂၀၂၄

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး၏ အဓိကကျသောကုန်သွယ်ရေးစခန်းများသည် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းကတည်း ရပ်တန့်နေသည်မှာ ၈ လနီးပါးကြာမြင့်လာပြီဖြစ်ကြောင်း ISP-Myanmar ကထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၇ ခုရှိရာ အရေးပါသောကုန်သွယ်ရေးစခန်းကြီး ၆ ခုကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကထိန်းချုပ်ထားပြီး ကျန် ၁၁ ခုကိုစစ်ကောင်စီကထိန်းချုပ်ထားကြောင်းသိရသည်။

စစ်ကောင်စီထိန်းချုပ်သည့် ကုန်သွယ်ရေးစခန်း ၃ ခုမှာကုန်သွယ်ရေးရပ်ဆိုင်းနေပြီး ကျန် ၈ ခုမှာလည်ပတ်နေသော်လည်းကုန်သွယ်မှုတန်ဖိုးမှာ အကျဘက်တွင်ရှိနေသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မန္တလေး- လားရှိုး-မူဆယ် လမ်းကြောင်းများရပ်တန့်ပြီးနောက် တောင်ကြီး-ကျိုင်းတုံ-မိုင်းလားလမ်းကြောင်းကို အသုံးပြုလာကြ၍ ကျိုင်းတုံကုန်သွယ်ရေးစခန်းမှာ အချက်ချာကြသည့် နေရာတစ်ခုဖြစ်လာပြီး စစ်ကောင်စီထိန်းချုပ်ထားနိုင်သော တစ်ခုတည်းသောလမ်းကြောင်းဖြစ်သည်ဟု ISP-Myanmar အချက်အလက်အရသိရသည်။

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ကျိုင်းတုံစခန်း၏ ပျှမ်းမျ ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၄ သန်းကျော်ထိရှိလာသော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထိန်းချုပ်ထားသော မူဆယ်နှင့် ချင်းရွှေဟော် စခန်းများ၏ လစဥ်ပျှမ်းမျထက်နည်းနေကြောင်း ISP-Myanmar ကဆိုသည်။

နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရန် တရုတ်ဘက်မှ ကြိုးပမ်းမှုများရှိနေပြီး စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့ကြား ကြားဝင်စေ့စပ်မှု ငါးကြိမ်အထိရှိသော်လည်း ထူးခြားမှုမရှိသေးကြာင်းသိရသည်။

ဟိုင်ဂင်သဘောတူညီချက်ဖြင့် အပစ်ရပ်စဲထားသော ရှမ်းမြောက်ဒေသအတွင်း လက်ရှိတွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် သုံးဖွဲ့ကြား စစ်ရေးအခြေအနေ တင်းမာမှုများရှိနေသောကြောင့် နယ်စပ်ကုန်သွယ်ရေးလည်ပတ်နိုင်ရန် ခက်ခဲမှုရှိနိုင်သေးကြောင်း ISP-Myanmar ကဆိုသည်။

PPV 003

Leave a Reply

Your email address will not be published. Required fields are marked *

You missed