ခမ်းသားငေါဝ်း
ဇွန် ၁၈၊ ၂၀၂၄

တောင်ကြီးမြို့တောင်ဘက်ရှိ ညိုးမှီးဂိတ်တွင် ယာဥ်လိုင်စင်၊ ယာဥ်မောင်းလိုင်စင်အကြောင်းပြပြီး VPNစစ်ဆေးမှုပြုလုပ်ကာ ငွေညစ်တောင်းယူမှုရှိနေသည်ဟု ကိုယ်တိုင်ကြုံတွေ့ရသူတစ်ဦးပြောဆိုချက်အရ ဇွန်လ(၁၈)ရက်နေ့တွင် သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တောင်ဘက်ရှိ ညိုးမှီးလမ်းဆုံဂိတ်တွင် စစ်ကောင်စီတပ်က ခရီးသွားပြည်သူထံ ယာဥ်လိုင်စင်၊ ယာဥ်မောင်းလိုင်စင်အကြောင်းပြပြီး ဖုန်းထဲ၌ VPN စစ်ဆေးမှုပြုလုပ်ပြီးနောက် ဖုန်းထဲတွင် VPN တွေ့သဖြင့် ငွေတစ်သိန်း ခြောက်သောင်း ဒဏ်ငွေပေးဆောင်ခဲ့ရသည်။

“ကျွန်တော်တို့အဲ့ဂိတ်နားရောက်တော့ သူတို့ကတားလိုက်တာ၊ အစကတော့ဆိုင်ကယ်လိုင်စင် ယာဥ်မောင်းလိုင်စင်ပေါ့၊ ပြီးတော့ဖုန်းပါယူစစ်တာ ကျွန်တော်တို့ဖုန်းထဲမှာ VPN တွေ့တော့ သူတို့က ဆိုင်ကယ်လိုင်စင်မရှိတာရော VPN တွေ့တာရောဆိုပြီး ဒဏ်ငွေဆောင်ခိုင်းတော့ တသိန်း(၆)သောင်း ပေးခဲ့လိုက်ရတယ်” ဟုကိုယ်တိုင်ကြုံတွေ့သူ ခရီးသွားပြည်သူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

စစ်ကောင်စီတပ်သည် ပြည်သူများအားသတင်းအမှောင်ချရန် Facebookသုံးစွဲခြင်းကို ပိတ်ပင်ထားသော်လည်း VPNခံပြီးဆက်လက်သုံးနေကြသည့်အတွက် VPNဆော့ဝဲလ်ကိုမေလကုန်ပိုင်းမှစပြီး စစ်ကောင်စီက ပိတ်ပင်ရန်ကြိုးစားနေကြောင်းသိရသည်။

လက်ရှိအချိန်တောင်ကြီးမြို့ပေါ်တွင်လည်း စစ်ကောင်စီလက်အောက်ခံများဖြစ်သည့် ယာဥ်ထိန်းရဲနှင့် ရဲတပ်ဖွဲဝင်များက နေရာအနှံ့နေ့စဥ်ရက်ဆက် VPNများစစ်ဆေးမှုပြုလုပ်နေပြီး တွေ့ရှိသူကိုလည်း ဒဏ်ငွေ(၅)သောင်းထက်မနည်း တောင်းခံနေသည်ဟု ဒေသခံများက ပြောဆိုနေကြသည်၊၊

#PPV007

Leave a Reply

Your email address will not be published. Required fields are marked *

You missed