ခမ်းသားငေါဝ်း
ဇွန်လ ၁၆၊ ၂၀၂၄

ဆီဆိုင်မြို့တိုက်ပွဲကြောင့် အနယ်နယ်အရပ်ရပ်သို့ စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး လူသားချင်းစာနာထောက်ထားမှု ဖြင့် နီပွန်ဖောင်ဒေးရှင်းက ထောက်ပံ့ကူညီခဲ့သော်လည်း ဆီဆိုင်မြို့ဒေသခံ အများစု မရရှိခဲ့ကြောင်း ဒေသခံများ ထံသိရသည်။

ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့တွင် ဖြားခွန်ဥက္ကာ ဦးဆောင်ပြီး နီပွန်ဖောင်ဒေးရှင်းမှ ဆန်အိတ်(၃၃၀၀) ကို ရှမ်းတောင်ရှိစစ်ဘေးရှောင်ပြည်သူများ လှူဒါန်းခဲ့ကြောင်း သတင်းများထွက်ရှိသော်လည်း မြေပြင်စစ်ရှောင်များထံ ရောက်ရှိခြင်းမရှိကြောင်းသိရသည်။

‘’နီပွန်ဖောင်ဒေးရှင်းက စစ်ရှောင်တွေအတွက် ဆန်အိတ်တွေလှူတာ လိုင်းပေါ်မှာတော့တွေ့လိုက်ရတယ်။ ကျနော်ကတော့မရဘူး၊ ကျနော်နဲ့သိတဲ့ လူအတော်များများ လည်းရတာမတွေ့ရဘူး၊ ဆီဆိုင်မြို့ပေါ်က စစ်ရှောင်တွေ အားလုံးနီးပါးမရကြပါဘူး၊ ဘယ်ကိုပေးတာလဲတော့ မသိဘူး” ဟု ဆီဆိုင်ဒေသခံ စစ်ရှောင်တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ဆီဆိုင်မြို့တိုက်ပွဲဖြစ်ပွားပြီးနောက် ဆီဆိုင်တမြို့လုံး ပြည်သူများ စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး အခက်ခဲပေါင်းများ စွာကြုံတွေ့ခဲ့ရကာ အချို့စားစရာမရှိဝင်ငွေမရှိ အလုပ်အကိုင်မရှိဖြင့် ကြုံတွေ့နေရသည်ဟုသိရသည်။

PNO ဝါဒဖြန့်မီဒီယာ၏ဖော်ပြချက်အရ နီပွန်ဖောင်ဒေးရှင်းမှလှူဒါန်းသည့် ဆန်းအိတ် ၃၃၀၀ ကို ကျေးရွာအလိုက်၊ စစ်ဘေးရှောင်များကို ကူညီသည့်အဖွဲ့များထံပေးအပ်ခဲ့သည်ဟု ဖော်ပြထားသည်။

ထိုထောက်ပံ့ကူညီမှုသည် တကယ့်အခက်ခဲကြုံတွေ့နေရသည့် ဆီဆိုင်မြို့ စစ်ဘေးရှောင်ဒေသခံပြည်သူများထံ လက်ရှိချိန်ထိ ရောက်ရှိခြင်း မရှိသေးကြောင်းသိရသည်။

လက်ရှိဆီဆိုင်မြို့သည် တိုက်ပွဲငြိမ်ပြီဖြစ်သည့်အ တွက် မေလ ပထမပတ်ကတည်းက စစ်ရှောင်များနေရပ် ပြန်ပြီးနေထိုင်ကြပြီဖြစ်သော်လည်း ပြန်လည်တည်ထောင်ရေးအတွက် စားဝတ်နေရေးအခက်ခဲ၊ နေအိမ်ပြန် ဆောက်ရန်အခက်ခဲ၊ မိုးကာအခက်ခဲ စသည့်အခက်ခဲမျိုးစုံဖြင့် ရုန်းကန်နေရကြောင်းသိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်းတွင် တိုက်ပွဲကြောင့် လက်ရှိချိန်ထိ စစ်ဘေးရှောင်သူ ၅ သောင်းကျော်ရှိနေသေးကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး၏ အချက်အလက်အရသိရသည်။

#ppv002

Leave a Reply

Your email address will not be published. Required fields are marked *