ခမ်းသားငေါဝ်း
ဇွန်လ ၁၅၊၂၀၂၄

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) သည် ဘဝတူ ညီနောင်များနှင့်အတူ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ်တိုက်ဖျက်ရေးတွင် ဆက်လက်ပါဝင်လက်တွဲသွားမည်ဟု တပ်တည်ထောင်ခြင်း ၁၇ နှစ်ပြည့်အခမ်းအနားတွင်ပြောဆိုလိုက်သည်။

” ကျွန်တော်တို့ရဲ့မူလ ရည်မှန်းချက်ဖြစ်တဲ့၊ အမျိုးသားလွတ်မြောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေးတွင် ညီနောင်တိုင်းရင်းသားများနှင့်အတူ ဆက်လက်လက်တွဲဆောင်ရွက်သွားမယ်”ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ခမ်းသားငေါဝ်းကို ပြောသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တည်ထောင်ခြင်း ၁၇ နှစ်ပြည့်အခမ်းအနားကို ဇွန်လ ၁၀ ရက်နေ့တွင် တပ်ဖွဲ့အသီးအသီးမှ မြေပြင်အသီးသီးတွင်အကျဥ်းချုပ်ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပအိုဝ်းအမျိုးသားအလံတော်၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်အလံတော်၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် အလံတော်များအားအလေးပြုခြင်း၊ တာဝန်ရှိသူများကခွန်အားပေးစကားပြောကြားခြင်းနှင့်၊ တော်လှန်ရေးကာလအတွင်းကျဆုံးသွားသည့် သူရဲကောင်းအာဇာနည်များကို ဂုဏ်ပြုချီးမွမ်းအလေးပြုခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ကြမ်းတမ်းသည့် တော်လှန်ရေးခရီးကာလ ၁၇ နှစ်တိုင်တိုင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) သည် အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ် ခိုင်ခိုင်မာမာ ရပ်တည်ခဲ့သည်ဟုပြောဆိုခဲ့သည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA အနေဖြင့် ၁၇ နှစ်တိုင်တိုင် တော်လှန်ရေးခရီးကြမ်းကိုဖြတ်သန်းခဲ့ပြီး အမျိုးသားသစ္စာဖောက် သည့် အလုပ်များ၊ ရန်သူထံလက်နက် ချတဲ့အလုပ်တွေ၊ ရန်သူရဲ့ အသုံးချခံလက်ကိုင်တုတ် များအဖြစ်ဒူးမထောက် အညံ့မခံခဲ့ကြောင်း ၎င်း ကဆက်ပြောသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ကို ၂၀၀၇ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ဇွန်လ ၁၀ ရက်နေ့ ၂၀၂၄ ခုနှစ်တွင် ၁၇ နှစ်ပြည့်ပြီဖြစ်သည်။

#PPV003

Leave a Reply

Your email address will not be published. Required fields are marked *