ခမ်းသားငေါဝ်း
ဇွန် ၁၃၊ ၂၀၂၄

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်မြေလယ်ခထွီခရိုင်အတွင်း၌ ဇွန်လအတွင်း စစ်ကောင်စီ၏လက်နက်ကြီးနှင့်မြေမြုပ်မိုင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရခဲ့ကြောင်း ကေအဲန်ယူဗဟိုမှ ထုတ်ပြန်ထားသည်။

ကေအဲန်ယူ-မူးမြို့နယ်အုပ်ချုပ်နယ်မြေအတွင်း ဇွန်လ ၄ ရက်နေ့တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကြိတ်ခါးကုန်းကျေးရွာနေ ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရခဲ့ ပြီး ဇွန်လ ၆ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်မှ ထွနီကုန်းကျေးရွာအတွင်းသို့ ရည်ရွယ်ချက်ရှိရှိလက်နက်ကြီးပစ်ခတ်ခဲ့ခြင်းကြောင့် အသက် ၁၈ နှစ်အောက်ကလေး ၂ ဦးအပါအဝင်ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်းသိရသည်။

စစ်ကောင်စီတပ် ခမရ ၃၀၇ ရွှေဝါတပ်ရင်းမှ ဇွန်လ ၉ ရက်နေ့တွင် နတ်လောင်းကျေးရွာအုပ်စု သရက်တိုက်ကျေးရွာအတွင်းသိူ့ ရည်ရွယ်ချက်ရှိရှိလက်နက်ကြီးပစ်ခတ် ခဲ့ရာ အသက် ၈၅ နှစ်အရွယ်အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးသွားခဲ့ကြောင်းသိရသည်။

ထို့အပြင် သမင်အင်းကုန်းကျေးရွာအုပ်စု၊ သူဌေးကုန်းကျေးရွာ၌ ဇွန်လ ၈ ရက် နေ့တွင် အသက် ၃၅ နှစ်အရွယ်အမျိုးသားတစ်ဦးသည် မိမိခြံဝန်းအတွင်းအမှိုက်ရှင်းလင်းနေစဥ် မိုင်းနင်းမိ၍ခြေတစ်ဖက်ပြတ်သွားပြီး တုံးတံတားကျေးရွာမှလယ်ထွန်သွားသူတစ်ဦးလည်း စစ်ကောင်စီ၏မြေမြုပ်မိုင်းကြောင့် လယ်ထွန်စက် ပျက်စီးသွားကြောင်းသိရသည်။

စစ်ကောင်စီတပ်များသည် KNU အုပ်ချုပ်နယ်မြေအတွင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ရည်ရွယ်ချက်ရှိရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီး မကြာမခန ပစ်ခတ်လျက်ရှိကြောင်း သိရသည်။

PPV003

Leave a Reply

Your email address will not be published. Required fields are marked *