ခမ်းသားငေါဝ်း
ဇွန် ၁၁၊ ၂၀၂၄

စံကားအင်းဒေသ ဘုရားတောင်ရေဆိပ်ကျောင်းတွင် ဒေသတွင်း မတည်ငြိမ်မှုကြောင့် ကျောင်းတက်နေသည့် ကျောင်းသားများ နေ့တစ်ပိုင်းသာ ကျောင်းတက်နေရသည်ဟု ဇွန်လ(၁၁)ရက်နေ့တွင် ဒေသခံထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားအင်းဒေသ ထီရီးကျေးရွာတွင် လက်နက်ကြီးအထိုင်ချပြီး ဘုရားတောင်ကျောင်းအနီးနားဖက် ဦးတည်ကာ မကြာခနလက်နက်ကြီး ပစ်ခတ်လာခြင်းတို့ကြောင့် ကျောင်းသားများစိုးရိမ်နေကြရသည်။

“ဒီဘက်မှာအခုအခြေအနေကအရမ်းကြီးလည်းမဆိုးသေးပေမဲ့ လက်နက်ကြီးသံတွေကတော့ နေ့တိုင်းနီးပါးကြားနေရတယ်၊ ကျောင်းကဖွင့်ပေမဲ့ ကျောင်းသားတွေကနေ့တစ်ပိုင်းပဲကျောင်းတက်ရတာ၊ ပြီးတော့စာသင်ကျောင်းမှာလည်းစာမသင်ရဘူး ဘုန်းကြီးကျောင်းမှာပဲတက်သင်ရတာ” ဟုဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီးများမကြာခဏပစ်ခတ်နေသောကြောင့် ကျောင်းသားမိဘများသည်လည်း ကျောင်းတက်နေသည့် သားသမီးများကို စိုးရိမ်စိတ်ဖြင့် ကျောင်းထားနေရသည်ဟုသိရသည်။

စာသင်သည့်အချိန်တွင် လုံခြုံရေးစိုးရိမ်ရသောကြောင့်ကျောင်းသားအများစု ကျောင်းပြောင်းကြပြီး ယခင်တွင် ကျောင်းသားသုံးပုံရှိသည်ကို ယခုတွင်တစ်ပုံသာ ကျန်ခဲ့ကြောင်းသိရသည်။

လက်ရှိအချိန်တွင်စိုက်ပျိုးရာသီရောက်နေပြီဖြစ်သော်လည်း ညောင်လေးပင်၊ နန်းတုတ်နှင့် ဖယ်ခုံအင်းတစ်လျှောက်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်နေဆဲဖြစ်သောကြောင့် ရွာသားများလည်း စစ်ရှောင်နေရဆဲဖြစ်ပြီး စားဝတ်နေ‌ရေးအတွက်အခက်အခဲဖြစ်နေကြသည်ဟု သိရသည်။

#PPV007

Leave a Reply

Your email address will not be published. Required fields are marked *