ခမ်းသားငေါဝ်း
ဇွန် ၁၁၊ ၂၀၂၄
ယခုရက်ပိုင်းအတွင်း မိုးရွာပြီး လမ်းပိုင်းတချို့ပျက်စီးခြင်းကို ပြင်နေသည့်အတွက်ကြောင့် တောင်ကြီး-လွိုင်လင်သွားရာလမ်းတွင် ကားတန်းများစွာပိတ်မိနေပြီး ခရီးသွားနှင့် ကားသမားများအခက် အခဲကြုံတွေ့နေကြရကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး-လွိုင်လင်ပြည်ထောင်စုလမ်းမကြီးသည်ကျဉ်းမြောင်းသလို အကွေ့အကောက်များပြီး ပျက်စီးသည့်လမ်းအားပြင်နေသည့်အတွက် ကားတန်းများပိတ်မိနေကြောင်းသိရသည်။
“ လမ်းကအဲတစ်လမ်းပဲအဆင်ပြေတယ် အရင်တုန်းကတခြားလမ်းရှိပေမယ့်လည်း သွားလို့မရတော့ဘူးသိပ်မသုံးကြတော့ဘူး ဒီတလမ်းပဲဝိုင်းသုံးကြတယ် လမ်းလည်းပြင်နေတယ်လမ်းလည်းကျဥ်းတော့ ခရီးက မကြာသင့်ပဲကြာနေတယ် “ဟု ခရီးသွားပြည်သူတစ်ယောက်ကပြောသည်။
တချို့ခရီးသွားများက ကျောက်တန်းလမ်းကို အသုံးပြုမှုများရှိနေသော်လည်း ကားတိမ်းမှောက်မှုများခနခနဖြစ်နေသည့်အတွက်ကြောင့် ခရီးသွားပြည်သူများအတွက် အခက်အခဲများဖြစ်နေကြောင်းသိရသည်။
“တောင်ကြီးမြို့တွေဆိုရင်လည်း ည ၆ နာရီဆိုမြို့ထဲပေးမဝင်တော့ အိပ်တာချက်စားတာဆိုလည်းလမ်းပေါ်ပဲချက်စားရတယ် ကျောက်တန်းလမ်းကလည်းကားခနခနမှောက်တော့ အဲဖက်လည်းသွားဖို့အဆင်မပြေဘူး ခုက မိုးရာသီဆိုတော့ပိုဆိုးတယ်”ဟု ကားသမားတစ်ဦးကပြောသည်။
လွိုင်လင်-မိုင်းပွန်လမ်းကိုလည်း ပြီးခဲ့သည့်လတွင် လမ်းပြုပြင်မှုများပြုလုပ်နေခြင်းကြောင့် ကားများပိတ်မိခဲ့သည်၊၊
တောင်ကြီး၊ မိုင်းပွန်၊ လွိုင်လင် ပြည်ထောင်စုလမ်းမကြီးကို တိုက်ပွဲဖြစ်ပွားသည့်အချိန်မှစ၍ စစ်ကောင်စီနှင့်ပြည်သူစစ်များက တင်းကြပ်စွာစစ်ဆေး နေကြောင်း သိရပါသည်။
#PPV008