ခမ်းသားငေါဝ်း
ဇွန် ၁၀၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ထွက်ရှိသည့် သနပ်ဖက်သည် ဈေးအနည်းငယ်တက်လာသော်လည်းကုန်ဈေးနှုန်းမြင့်တက်မှုကြောင့်အခက်အခဲရှိနေဆဲဖြစ် ကြောင်း သနပ်ဖက်စိုက်တောင်သူထံမှ သိရသည်။

ယခုလက်ရှိသနပ်ဖက်ဈေးအရွက်ကြီးကတစ်ပိဿာ တစ်သောင်းငါးထောင်ကျပ်၊ အရွက်ငယ်ကတစ်ပိဿာ ရှစ်ထောင်ကျပ်ရရှိပြီး ယခင်နှစ်ကအရွက်ကြီးကတစ်ပိသာ ကိုးထောင်ကျပ်၊ အရွက်ငယ်တစ်ပိဿာလေးထောင်ကျပ်ရရှိကာ ယခင်နှစ်ဈေးထက်စာရင်သနပ်ဖက်ဈေးကောင်း ရရှိသည်၊၊

“အရင်ထက်စာရင်တော့ ဈေးကောင်းတယ်လို့ပြောလို့ရပေမယ့် ဆန်တွေ၊ ဆီတွေလည်းဈေးတက်တော့ မထူးပါဘူး ဖျန်းဆေးတွေ ထင်းတွေလည်းဈေးတက်တယ် အခက်ခဲကတော့ရှိတုန်းပဲ”ဟု သနပ်ဖက်စိုက်တောင်သူတစ်ဦးကပြောသည်၊၊

သနပ်ဖက်လှော်ရန်ထင်းအား တချို့ကခြံထဲတွင်သစ်ပင်ကိုယ်တိုင်စိုက်ပြီးထင်းခုတ်ကြခြင်း ရှိသလို ထင်းဝယ်သုံးရသူများလည်းရှိကြောင်း ထင်းကတစ်ချောင်းကို နှစ်ထောင်ကျော်နှင့်ပေးဝယ်ရပြီး အရွက်ပိုးမစားရန် လေးငါးရက်တစ်ခါဆေးဖျန်းရကြောင်း သိရသည်။

နောက်တောင်သူတစ်ဦးကလည်း “မိုးကအရမ်းရွာတော့ ခြံတိုင်းလိုလိုပဲသနပ်ဖက်အညွန့်မလှဘူး၊ယခုနှစ်သနပ်ဖက်အပင်ကလဲသိပ်မထွားကြဘူး၊သနပ်ဖက်စိုက်သမားတွေလဲလျော့လာတယ်နှစ်တိုင်းပဲ၊သနပ်ဖက်လုပ်ရင်လူအနည်းဆုံး ၃ ယောက်ရှိမှအဆင်ပြေတာ၊ခုဆိုလူငယ်တွေကအကုန်နိုင်ငံခြားထွက်ကုန်တော့သနပ်ဖက်လုပ်တာအခက်အခဲရှိလာတယ်”ဟုပြောသည်။

သနပ်ဖက်သည်နှစ်ရှည်အပင်ဖြစ်ပြီး ကဆုန်လတွင် စခုတ်ကြကာ ထွက်လာသည့်သနပ်ဖက်အားပြုပြင်မွန်းမံပြီး ဝါဆိုလတွင်စတင်လှော်ကြကြောင်း တော်တလင်းသီတင်းကျွတ်တွင် သနပ်ဖက်လှော်တာပြီးဆုံးကြောင်း သိရသည်။

“သနပ်ဖက်လှော်ချိန်ဆိုနေပူပူမိုးရွာရွာနဲ့လှော်နေရတာမနားရဘူး၊ ညမိုလင်းပေါက်အထိပဲလူလဲပြီးတော့လှော်ရတာ၊ရွာမှာဆိုလမ်းကလဲကြမ်းတော့သွားရလာရခက်တယ်၊သနပ်ဖက်ခူးမယ်ဆိုပလှိုင်းနဲ့တောင်တက်ပြီးတော့ခူးရတာအရမ်းမောတာပဲ”ဟု၄င်းကဆက်ပြောသည်။

သနပ်ဖက်အား ရှမ်းပြည်တောင်ပိုင်းတွင် အများဆုံးစိုက်ပျိုးကြပြီး စိုက်ပြီးသုံးနှစ်အကြာတွင် စတင်လှော်နိုင်ကြောင်း ကောင်းကောင်းပြုစုလျှင်နှစ်သုံးလေးဆယ်မကလုပ်စား၍ရကြောင်း သိရသည်၊၊

PPV0010

Leave a Reply

Your email address will not be published. Required fields are marked *