ခမ်းသားငေါဝ်း
ဇွန်လ ၇၊ ၂၀၂၄

ဆောင်းပြောင်းတွင် စစ်ကောင်စီနှင့်ပြည်သူ့စစ်က ပြောင်းစိုက်ခွင့်မပြုသောကြောင့် ဒေသခံများအခက်အခဲဖြစ်နေရသည်ဟု ဇွန်လ(၇)ရက်နေ့တွင် ဒေသခံထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းဒေသတွင် မေလလယ်ပိုင်းလောက်မှစကာ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က လမ်းမကြီးတစ်လျှောက်ပေတစ်ထောင်အကွာအဝေး၌ ပြောင်းစိုက်ခွင့် မပြုသောကြောင့် ဒေသခံများက စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေရကြောင်း သိရသည်။

“ပြောင်းကတော့ရာသီမရွေးရေရှိရင်စိုက်ရတာအဆင်ပြေတယ်၊ ကိုယ့်အတွက်လည်းကျန်တာပေါ့ ခုလိုကန့်သတ်တော့ စပါးကအရင်းနည်းသလို ခြံအတူတူပဲကို ပြောင်းစိုက်ရင်အိမ်အတွက်ကျန်တယ်၊ တစ်ခြားစားသောက်ကုန် ဆား၊ ဆီတွေပါဝယ်လို့ရတယ်လေ၊ စပါးစိုက်ရင်တစ်နှစ်စာတောင်မလောက်ချင်ဘူး” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

သတ်မှတ်ဧရိယာအတွင်း ပြောင်းစိုက်၍မရတော့သည့်အတွက်ကြောင့် ဒေသခံများက ပြောင်းအစားစပါးအစားထိုး စိုက်ကြသော်လည်း အများကြီးမစိုက်နိုင်သဖြင့် စားနပ်ရိက္ခာအတွက် မဖူလုံမှာကို စိုးရိမ်နေကြကြောင်း သိရသည်။

“အရင်သူတို့ခြံရှင်းတဲ့အချိန် ဘာစိုက်မလဲမေးတော့ ခြံသမားတွေကပြောင်းစိုက်မယ်ပြန်ဖြေတာ၊ သူတို့က ကားလမ်းဘေးဆိုမစိုက်ရဘူး၊ ပြောင်းစိုက်ရင်ကားတွေသွားလာတာမမြင်ရဘူး ငါတို့ကနင်တို့ရွာကို စောင့်ပေးရတာ ဒီလောက်တော့နင်တို့နားလည်ပေးသင့်တယ်စသဖြင့်လာပြောတာ” ဟု၎င်းကဆက်ပြောသည်။

ကားလမ်းဘေးသတ်မှတ်ဧရိယာအတွင်း ခြံမရှိသော်လည်း ဒေသခံအချို့က ပြောင်းဖူးသိမ်းရာသီရောက်လျှင် မသိမ်းလိုက်ရမည်ကိုစိုးရိမ်ကြသောကြောင့် ယခင်နှစ်က(၁၀)ထုပ်လောက် စိုက်သော်လည်း ယခုနှစ်တွင် တစ်ထုပ်သာစိုက်ပျိုးကြကြောင်း သိရသည်။

#PPV007

Leave a Reply

Your email address will not be published. Required fields are marked *