ခမ်းသားငေါဝ်း
ဇွန် ၄ ၊ ၂၀၂၄

နာမည်ကြီး ရွှေဆိုင်များဖြစ်သည့် အောင်သမာဓိ၊ ဇွဲထက်၊ ဝိန့်စိန်နှင့်အကယ်ဒမီ အပါအဝင် ရွှေဆိုင် ပိုင်ရှင် ၇ ဦးနှင့် ပွဲစား ၃ ဦးကို စစ်ကောင်စီက ဖမ်းဝရမ်း ထုတ်ထားကြောင်း ဇွန်လ ၂ ရက် ညပိုင်းတွင်စစ်ကောင်စီကထုတ်ပြန်ထားသည်။

ယင်းရွှေလုပ်ငန်းရှင်များအား ဝိသမ လောဘသားများအဖြစ် စစ်ကောင်စီကစွပ်စွဲကြေညာပြီး နိုင်ငံတော်စီးပွားရေး အနှောင့်အယှက်ဖြစ်စေရန်၊ စီးပွားရေး မငြိမ်မသက်ဖြစ်စေရန် ဆောင်ရွက်သည်ဟု ထုတ်ပြန်ချက်တွင် ပြောထားသည်။

ရွှေပွဲစားများ အပါအဝင် စုစုပေါင်း ကုန်သည် ၂၁ ဦးအား ဖမ်းဆီး စစ်ဆေးပြီးနောက် ၄င်းတို့၏ ထွက်ဆိုချက်အရ နောက်ကွယ်တွင် ရွှေစျေးကွက်ကို ကြိုးကိုင်နေသည့် ရွှေဆိုင်ပိုင်ရှင်နှင့် ပွဲစား ၁၀ ဦးအား ခေါ်ယူစစ်ဆေးရန် ဆောင်ရွက်ရာ ၎င်းတို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဖမ်းဝရမ်းထုတ်ထားသူ ၁၀ ဦးသည် အောင်သမာဓိ ရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်း၊ ဇွဲထက် ရွှေဆိုင်ပိုင်ရှင် ဦးဆန်းဝင်း၊ အကယ်ဒမီ ရွှေသန့်စင်လုပ်ငန်းမှ ဦးမျိုးသူဝင်း၊ ဝိန့်စိန် ရွှေဆိုင်ပိုင်ရှင် ဦးအောင်ကောင်းမြတ်၊ စိန်ကျော်မိုး ရွှေဆိုင်ပိုင်ရှင် ဦးကျော်ငြိမ်း၊ ခရမ်းသုံးခွ ရွှေဆိုင်ပိုင်ရှင် ဦးသက်နောင်ဝင်း၊ ရွှေဇင်ဝင်း ရွှေသန့်စင်လုပ်ငန်းရှင် ဦးအေးကြူ၊ ဦးကျော်ဝင်း (ခ) ပန်းသီး ရွှေကုန်သည်၊ ဦးညီညီဦး (ခ) ချက်ကြီး ရွှေကုန်သည်၊ ဒေါ်တင်တင်ခိုင် (ခ) စန္ဒာတင် ရွှေကုန်သည် တို့ဖြစ်သည်။

မေလ ၃၀ ရက်နေ့ပြည်တွင်းရွှေ စျေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၅၉ သိန်းအထိ စံချိန်တင် မြင့်တက်ခဲ့ကြောင်းသိရသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *