ခမ်းသားငေါဝ်း
ဇွန် ၂ ၊ ၂၀၂၄

လွယ်ဝိုးတုတ်ရွာတွင် နွားကျောင်းနေသူတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်သွားပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ လွယ်ဝိုး​တုတ် ရွာနေ အသက် ၄၉ အရွယ် ခွန်ငယ်သည် ယနေ့မနက်ပိုင်းတွင် မြေမြုပ်မိုင်းနင်းမိပြီး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“တောင်ကြီးစဝ်းစံထွန်းဆေးရုံကနေ အောင်ပန်းမြို့ စစ်ဆေးရုံမှာ လွဲလိုက်ပြီ။ဒဏ်ရာက တော်တော်ပြင်းပြင်းရထားတယ်”ဟု ရွာခံတစ်က ခမ်းသားငေါဝ်းကိုပြောသည်။

ခွန်ငယ်သည် နွားကျောင်းရင်းမိသားစုစားဝတ်နေရေးကို ခက်ခဲစွာ ဖြေရှင်းပေးနေရသူဖြစ်ကြောင်းသိရသည်။

နောက်ဒေသခံတစ်ဦးကလည်း “အဲဦးလေးက မိုင်းနင်းမိအပြီးမှာ စစ်သားကို ပြောတယ်။သူ့ကို ပစ်သတ်ပေးပါတဲ့လေ ။သူအသက်မရှင်ချင်တော့ဘူးတဲ့။ဘာလို့လဲဆိုတော့ သူမိသားစုက အတော်ခက်ခဲလို့တဲ့လေ”ဟု ပြောသည်။

ယခုခွန်ငယ်နင်းမိသောမိုင်းသည် မတ်လအတွင်းတွင် မိုင်းနင်းမိခဲ့သော သူနှင့် တစ်နေရာတည်းဖြစ်ကြောင်း သိရသည်။

လွယ်ဝိုးတုတ်ကျေးရွာတွင် ယနေ့ထိ စစ်ကောင်စီတပ်သားများ တပ်စွဲနေထိုင်လျက်ရှိကြောင်း သိရသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *