ခမ်းသားငေါဝ်း
မေ ၃၀၊ ၂၀၂၄

အောင်ပန်းတွင် မေလ ၂၉ တစ်ရက်တည်းယာဥ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊အောင်ပန်းမြို့၊သာမိုင်းခမ်းတံတားအနီး ၌ မေလ ၂၉ ရက် မနက် ၉ နာရီခွဲအချိန်ခန့်တွင် တွဲကား နှင့် တီကျစ်၊ပင်ခင်ကျေးရွာနေ ကိုညွန့်မောင်းလာသောဆိုင်ကယ်တို့တိုက်မှုဖြစ်ပွားခဲ့သည်။

” ရောက်တဲ့အချိန်မှာ ဆိုင်ကယ်ကကားအောက်ရောက်နေတယ်၊ ဆိုင်ကယ်မောင်းလာတဲ့ သူကတော့ခြေထောက်ကျိုးသွား တယ်၊ ပွန်းပဲ့ဒဏ်ရာတွေလည်းရထားတယ်” ဟု နာရေးကူညီမှုအသင်းအောင်ပန်း ၏ တာဝန်ရှိသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ထို့အပြင် ကလောမြို့နယ် မြင်းမထိရွာ၊ မြင်းမထိ view point လမ်း၌လည်း မေလ ၂၉ ညနေ ၄ နာရီခွဲအချိန်တွင် မရီ(အင်းဝန်း)နေသူသည် view point သွားလည်အပြန်တွင် ဆိုင်ကယ်မောင်းရင်း မတော်တဆ ကမ်းပါးထဲပြုတ်ကျမှုဖြစ်ပွားခဲ့သည်။

” ကျွန်တော်တို့ ရောက်တဲ့အချိန်မှာ သတိလစ်နေတော့ ဘယ်လိုဒဏ်ရာရသွားတယ်ဆိုတာ အတိအကျမသိရဘူး၊ အပြင်ပိုင်းတော့ ပွန်းပဲ့ဒဏ်ရာတွေ့တယ်၊ ဆေးရုံရောက်တဲ့အချိန်မှာ သတိတော့ပြန်လည်လာတယ်” ဟု နာရေးကူညီမှုအသင်းအောင်ပန်း တာဝန်ရှိသူက ဆက်ပြောသည်။

အဆင်းလမ်းဖြစ်ရာ ဆိုင်ကယ်လီဘာမတော်တဆတွဲမိ၍ ဖြစ်ကြောင်း၊ ကမ်းပါးတွင် ၁၀ ပေနှင့် ၁၅ပေအတွင်း အမြင့်ရှိကြောင်း သိရသည်။

ဒဏ်ရာရသူအား နာရေးကူညီမှုအသင်းအောင်ပန်း မှ ကလောဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး ခြေကျိုးဒဏ်ရာရသူ ကိုညွန့်အား အောင်ပန်းဆေးရုံအရေးပေါ်ငှာန မှတစ်ဆင့် ဒဏ်ရာပြင်းထန်၍ တောင်ကြီးစပ်စံထွန်းဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

PPV003

Leave a Reply

Your email address will not be published. Required fields are marked *