ခမ်းသားငေါဝ်း
မေ ၃၀၊ ၂၀၂၄

ဆီဆိုင်မြို့တွင် တိုက်ပွဲအတွင်း ပျက်စီးခဲ့ရသည့် ဒေသခံနေအိမ်များသည် ပြန်ဆောက်နိုင်ရန်အခက်အခဲကြုံနေရသည်ဟု မေလ(၃၀)ရက်နေ့တွင် ဒေသခံတစ်ဦးထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင် တိုက်ပွဲအတွင်း ဒေသခံနေအိမ်များ လက်နက်ကြီး၊လေကြောင်း ဗုံးကြဲခံရမှုတို့ကြောင့် ပျက်စီးသွားခဲ့သည့် အိမ်များသည် ပြန်ဆောက်ရန်အခက်အခဲများ ကြုံနေရသည်။

“အခုတော်တော်များများတော့ မြို့ထဲပြန်နေကြပြီဆိုပေမယ့် မီးထဲနေအိမ်ပါသွားတဲ့လူတွေကျတော့ မပြန်နိုင်ကြသေးဘူး၊ နေအိမ်ပြန်ဆောက်ဖို့လိုတယ် အချို့ခါကျတော့ ဆောက်နေကြပါပြီ၊ အလုပ်မရှိအကိုင်မရှိတော့ အိမ်ဆောက်ဖို့ ဝါးတစ်ချောင်းတောင်မဝယ်နိုင်ဘူး” ဟုဆီဆိုင်မြို့ ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

နေအိမ်ပြန်နေရန်နေအိမ်မရှိတော့သည့် ဒေသခံအချို့သည် ကျေးရွာမှနေအိမ်များငှါးနေကြပြီး စားဝတ်နေရေးအတွက်လည်း အခက်အခဲဖြစ်နေရကြောင်း သိရသည်။

“အိမ်ဆောက်ဖို့ဝါးလှူပေးတဲ့သူတော့ရှိတယ်၊ အခုကဘယ်လိုမျိုးလည်းဆိုတော့ ဝါးတွေသယ်လာဖို့ ဆီလည်းထည့်ပေးရအုံးမှာဆိုတော့ ပိုက်ဆံလည်းတစ်ပြားမှမရှိဘူး အလုပ်ကလည်းမရှိ ရှားလည်းရှားတော့ အဆင်မပြေနေဘူး၊ ပြောရရင်တော့ အခက် အခဲကအများကြီးပါပဲ” ဟု၎င်းကဆက်ပြောသည်။

အခက်အခဲမျိုးစုံကြားမှ နေရပ်ပြန်လာကြသည့် ဆီဆိုင်မြို့ဒေသခံများသည် စားဝတ်နေရေးကအစ အခက်အခဲများကြုံနေကြရပြီး စားဝတ်နေရေးအတွက်လည်း မြေမြုပ်မိုင်းအန္တရာယ်ကြား စိုးရိမ်စိတ်ဖြင့် စိုက်ပျိုးရေးလုပ်ကိုင်နေကြရကြောင်း သိရသည်။

ရှမ်းတောင်တိုက်ပွဲ ဖြစ်ပွားသည့် ၄ လကျော်အတွင်းတွင် အရပ်သားနေအိမ် ၊ဘာသာရေးအဆောက်အအုံ၊ စာသင်ကျောင်းအပါအဝင် ၆၉၄ လုံးပျက်စီးခဲ့ရကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO ထုတ်ပြန်ချက်အရ သိရသည်။

#PPV007

Leave a Reply

Your email address will not be published. Required fields are marked *