ခမ်းသားငေါဝ်း
မေလ ၂၈၊ ၂၀၂၄
သတင်းဆောင်းပါး
ရေးသားသူ၊ ခွန်ပေ
“ကျွန်မတို့က ဘာအပြစ်ရှိလို့လဲ။ ကျွန်မ ယောကျ်ား သေသွားတာက ဘယ်နေရာမှာ သွားတိုင်ရမလဲ။ ဘယ်သူ့ကို တရားစွဲရမလဲ။”ဆိုပြီး ၂ နှစ်အရွယ်ကလေးကို ပွေ့ချီပြီး မျက်ရည်ပေါက်ပေါက်ကျဝမ်းနည်းမှုနဲ့ ဒေါ့သမာန်ပါပါ အမျိုးသမီးတစ်ဦး အော်ငို ပြောလိုက်တာ တရွာလုံးနီးပါး ကြားလိုက်ရပါတယ်။
အဲဒီအမျိုးသမီးကတော့ နန်းဆားပါ။ သူ့အမျိုးသား ခွန်ဇော်က ယာမ (wy ဆေးပြား) မူးယစ်ဆေးဝါးသုံး စွဲတာကို အပြစ်ကျူးလွန်တယ်ဆိုပြီး ကျေးရွာကရပ်မိရပ်ဖနဲ့ လူပျိုတွေဆုံးမလိုက်တာ လက်လွန်သွားလို့ သေဆုံးခဲ့ရပါ တယ်။ ဝိုင်းဆုံးမလို့ သေဆုံးသွားရတဲ့ ခွန်ဇော်ကိုရွာထဲရှိကျေးရွာလူကြီး ရပ်မိရပ်ဖတွေက ဘာတာဝန်ယူမှု ဘာဝန်ခံမှုမှ မယူပေးကြပါဘူး။ နန်းဆား တို့မိသားစု ကျေနပ်ရလောက်အောင်လည်း ဝိုင်းဆုံးမ ၊ဝိုင်းရိုက်ခဲ့တဲ့ ရွာ သူရွာသူတွေ တောင်းပန်တာမျိုးလည်း မရှိခဲ့ဘူး လို့ဆိုပါတယ်။
အအေးဓါတ်တွေအမြဲတမ်းပိုနေပြီး ပတ်ပတ်လည်တောင်တွေကာရံထားတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း မြို့ဖြစ်ပါတယ်။ နန်းဆာတို့မိသားစုဟာ ပင်လောင်းမြို့နယ်ရဲ့ တောင်ဘက် ကျေးရွာတစ်ရွာမှာ တည်ရှိပါတယ်။
နန်းဆားတို့ ရွာက လက်ဖက်၊ ဂျင်းနဲ့ အရောင်အသွေးစုံညီတဲ့ တောပန်းကလေးဖြစ်တဲ့ ဘိန်းစိုက်ပျိုးလုပ်ငန်းကို လုပ်ကိုင်ကြတယ်။ နန်းခမ်းတို့ရွာ မိုးရာသီဆို ကြက်သွေးရောင်၊ အဖြူရောင်၊ဖြူကျားရောင်၊ အနီရောင်စတဲ့ ပန်းကလေးတို့နဲ့ ဝေဝေဆာဆာ ဖူးပွင့်လှပလျက်ရှိနေပါတယ်။
နန်းဆားတို့ရွာက အိမ်ခြေ ၇၀ လောက်ရှိပြီး တောပန်းကလေး စိုက်ပျိုးတာကြောင့် နှစ်ထပ်တိုက်၊ သုံးထပ်တိုက် စတဲ့ ရောင်စုံအိမ်လေးတွေနဲ့ နေနိုင်ကြပါတယ်။ နန်းဆားတို့ကလည်း အစိမ်းရောင်ခြယ်ထားတဲ့ နှစ်ထပ်တိုက် အိမ်လေးမှာနေပါတယ်။ ဝင်ငွေကောင်းတာကြောင့် နန်းဆာတို့ မိသားစုလည်း စားဝတ်နေရေး ချောင်ချောင်ချိချိ ရှိ နေပါတယ်။ ဒါပေမယ့်နန်းဆားတို့ရွာမှာ တောပန်းကလေးကနေမှ ထွက်တဲ့ဘိန်းမဲအပြင် ဘိန်မဲကနေမှ ကုန်ချော အဖြစ် အဝေးကနေမှ တင်ပို့လာကြတဲ့ ရောင်စုံဆေးပြား၊ ယာမဆေးပြား(WYဆေး ပြား) လည်း အလွယ်တကူရ တယ်လို့ ဆိုပါတယ်။ အဲဒီဆေးပြားဟာမြင်ရတဲ့သူ စိတ်ချမ်းသာမှုရရှိအောင် အရောင်စုံလင်စွာနဲ့ လှပနေသလို အနံ့လည်း သင့်သင့်မွေးမွေးရှိတယ်လို နန်းဆားကဆိုပါတယ်။ နန်းဆားရဲအမျိုးသားကတော့ အဲဒီယာမ ဆေးပြား ကို အလွန်အကျွံသုံးစွဲတတ်သူဖြစ်ပါတယ်။ နန်းဆားအမျိုးသား သုံးစွဲတတ်တာကလည်း စစ်ကောင်စီ အာဏာသိမ် ပြီး ၂၀၂၁ ခုနှစ် နောက်ပိုင်းမှ သုံးစွဲ လာတတ်တာပါ။
နန်းဆားတို့ရွာက ဘိန်းစိုက်ပျိုးမှုကို ၂၀၀၈ ခုနှစ်နောက်ပိုင်း များလာပြီး ၂၀၁၃ ခုနှစ်နောက်ပိုင်း ဘိန်းစိုက်ပျိုးမှု ပြန်လည်လျှော့လာပေမယ့် ၂၀၂၁ ခုနှစ် နောက်ပိုင်းမှာတဖန် ဘိန်းစိုက်ပျိုးမှု ပြန်လည်များပြားလာခဲ့ပါတယ်။ ဒါ့အ ပြင် WY ဆေးပြားရောင်းဝယ်မှုလည်း ၂၀၁၀ နောက်ပိုင်း အနည်းငယ်များလာသလို ၂၀၂၁ နောက်ပိုင်းမှာတော့ ပေါ် ပေါ်ထင်ထင်ပဲ အရင်ကထက် ၅ ဆလောက်ပိုပြီးများလာခဲ့ပါတယ်။ ဒါ့အပြင် ယာမဆေးပြားစျေးလည်း ၅၀၀ ဖိုးကို ၃ ပြားအထိ စျေးသက်သာလာခဲ့လို့ လူတိုင်းလိုလိုသုံးစွဲလာကြပါတယ်။
“ယာမအနံ့က အရမ်းမွေးတယ်။ သုံးစွဲပြီးပြီဆိုရင်လည်း လူက မိုးပေါ်ပျံနေတဲ့အတိုင်းဘဲ။ လွှတ်လပ်တယ်။ ပေါ့ပါး တယ်။ စွဲးမက်စေတယ်”လို့ယာမရဲ့ အရသာကောင်းကြောင်းကို အမျိုးသားခွန်ဇော်က မကြာခန ပြောပြလေ့ရှိ တယ် လို့ နန်းဆားက ဆိုပါတယ်။
အဲဒီမူးယစ်ဆေးဝါးက ဘယ်မှာထုတ်လုပ်တယ်ဆိုတာ နန်းဆားက မသိပေမယ့် PNO ပြည်သူ့စစ်နဲ့ ပူးပေါင်းတဲ့ ရွာက ခွန်စံလှ ဆိုသူက သယ်လာတာကိုတော့ နန်းဆားကသိနေပါတယ်။ ခွန်စံလှက ရွာမှာ ကျိကျိတက်ချမ်းသာ သူဖြစ်ပြီး ရွာမှာရှိတဲ့လမ်း၊ သချိုင်းကုန်းလမ်း၊ ဘုန်ကြီးကျောင်းလမ်း၊ ဘုန်တော်ကြီးကျောင်းဆောင် တစ်ချို့နဲ့ ရွာဆိုင်းဘုတ်တွေကို သူကအကုန်ကျခံပြီး လုပ်ပေးသလို ကျောင်းထိုင်ဘုန်းကြီးစီးဖို့ ကားတစ်စီးလည်း လှူထားပါ သေးတယ်။ ဒါကြောင့် ခွန်စံလှဟာ လူချစ်လူခင်များလှပါတယ်။ သူကကျေးရွာအုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ် ရေးမှူး စတဲ့ အကြီးပိုင်းနဲ့လည်း တည့်အောင်ပေါင်းနိုင်တဲ့သူဖြစ်ပါတယ်။
ခွန်စံလှကလည်း ၂၀၂၂ ခုနှစ် PNOပြည်သူ့စစ်ပေးတဲ့ စစ်သင်တန်းလည်း အစေားဆုံး တက်ခဲ့ပြီး PNOပြည်သူ့စစ် ကဒ်ကို PNO ပြည်သူ့စစ်ဖက်မှ ထုတ်ပေးထားပါတယ်။ ယင်းကဒ်ရှိလို့ ရှမ်းတောင်ရှိနမ့်စန်၊ လွိုင်လင်၊ မိုင်းပွန်၊ ပင်လုံ၊ ဟိုပုံး၊ ဆီဆိုင်၊ ကျောက်တစ်လုံး၊ ပင်လောင်းဒေသတို့မှာ ဂိတ်ကိုအစစ်ဆေးမရှိ လွတ်လွတ်လပ်လပ် သွားလာခွင့် ကုန်တွေသယ်ယူခွင့်ရှိပါတယ်။ အဲကဒ်ကိုင်ဆောင်ထားသူဟာ ဂိတ်တွေမှာမစစ်ဆေးကြပါ။ စစ်ဆေး ခွင့်လည်း မရှိဘူးလို့ သိထားရပါတယ်။ ဒါကြောင့် ခွန်စံလှ မူးယစ်ဆေးသယ်သွားသယ်လာတာဟာ အရမ်း လွယ်ကူ အောင်မြင်နေပါတယ်။ မူးယစ်ဆေးဝါးခုလိုလွယ်လွယ်ကူကူရတာကြောင့် နန်းဆားတို့ရွာလူငယ်၊ လူရွယ်၊ အမျိုးသား အကုန်လုံးနီးပါ သာမက အမျိုးသမီးတစ်ချို့ပါယာမဆေးပြားကို သုံးစွဲတာအရမ်း ခေတ်စား လာခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအတွင်းဖြစ်ပါလိမ့်မယ်လို့ နန်းဆားကဆိုပါတယ်။ PNO ပြည်သူ့စစ် ကလည်း စစ်သင်တန်းခေါ်တဲ့အချိန်ဖြစ်ပါတယ်။ PNO ဖက် အားပေးသူကျတော့ အစေားဆုံးစစ်သင်တန်း တက် ရောက်ကြပါတယ်။ စစ်သင်တန်းတက်တဲ့သူလည်းရွာထဲပြန်လာခဲ့ပြီးရွာထဲပြန်ရောက်တော့ မူးယစ်ဆေးဝါး ကင်းစင်ရေးဆိုပြီး ရွာထဲမူးယစ်ဆေးဝါးသုံးစွဲသူကို အောင်ဆုဗွေစခန်းသို့ပို့ပြီးဆေးဖြတ်ခိုင်းတာ၊ စစ်သင်တန်း တက်ရောက်ခိုင်းတာတို့အတင်းအဓ္ဓပြုလုပ်ခဲ့ကြပါတယ်။
အဲအချိန်မှာ အောင်ဆုဗွေးစခန်းနဲ့စစ်သင်တန်း မတက်ရောက်ချင်တဲ့ မူးယစ်ဆေးသုံးစွဲသူတစ်ချို့ဟာယင်း PNO သင်တန်းတက်ထားသူကို ငွေတွေနဲ့ ညှိနှိုင်းကြေအေးတာတွေပြုလုပ်ကြပါတယ်။ ငွေမပမာဏများများ ပေးနိုင်သူ တော့ အောင်ဆုဗွေစခန်းသွားပြီး ဆေးဖြတ်တာ၊ စစ်သင်တန်းတက်ရောက်တာတွေ ကင်းလွတ်ခွင့်ရပါတယ်။ ငွေမပေးနိုင်သူတော့ အောင်ဆုဗွေစခန်းအထိဆေးဖြတ်ရ၊ စစ်သင်တန်းတက်ခဲ့ရပါတယ်။ ဒါပေမယ့် နန်းဆား အမျိုးသား ခွန်ဇော်က မတက်ချင်ခဲ့ဘဲ ငြင်းဆန်ခဲ့ပါတယ်။ ငွေလည်း မပေးနိုင်တာကြောင့် PNO စစ် သင်တန်း ဆင်းသူ ဦးဆောင်ပြီး ရွာထဲလူကြီးပိုင် လူပျိုတွေစုပြီးတုတ်တွေနဲ့ ရိုက်နှက်၊ ထိုးကြိတ်ခဲ့ကြပါတယ်။ မျက်နှာတွေ နောက်ကျောတွေ ဗိုက်တွေကို ဝါးတုတ်နဲ့ ရိုက်ကြတော့ ခွန်ဇော်က ဒဏ်ရာအပြင်း အထန်ရရှိ ခဲ့ပါတယ်။
ရွာထဲမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သူ၊ သယ်လာသူကိုတော့ အပြစ်မရှိဘဲ စားသုံးသူဟာ အပြစ်ရှိတယ်လို့ အကုန်လုံးက ထင်မှတ်ပြောကြပါတယ်။ ဒီလိုဘဲရောင်းဝယ်သူကို အပြစ်မပေး အပြစ်ကင်းလွှတ်ခွင့်ပေးတာဟာ ပအိုဝ်းဒေသ ကျေးရွာတော်တော်များများမှာ ကျင့်သုံးနေကြပါတယ်။ဒါအပြင် မူးယစ်ဆေးသုံးစွဲသူ၊ စားသုံးသူကို သာပစ်မှတ်ထား ရိုက်နှက်ဆုံးမတာ၊လှုမှုရေးပြစ်ဒဏ်ပေး၊ ငွေဒဏ်ဆောင်ခိုင်းတာစတာတွေလည်း ကျင့်သုံးကြ ပါတယ်။
“ကျွန်မက ရောင်းဝယ်သူ ၊သယ်လာသူကိုပဲ အရေးယူစေချင်တယ်။ သယ်လာသူ ရောင်းဝယ်သူ သာမရှိရင် စားသုံးသူလည်း ရှိလာစရာအကြောင်းမရှိဘူးလို့ “နန်းဆားက မာန်ပါပါနဲ့ ပြောလိုက်ပါတယ်။
နန်းဆားတို့ဒေသမှာမူးယစ်ဆေးဝါးရောင်းဝယ်သူကို အာဏာပိုင်လက်နက်ကိုင်အဖွဲ့အစည်းတွေက ငွေယူပြီး ခွင့်ပြုပေးထားတယ်လို့ နန်းဆားကဆိုပါတယ်။
မူးယစ်ဆေးဝါးသုံးစွဲသူများတာကြောင့် ပင်လောင်းဒေသမှာ အိမ်တွင်းအကြမ်းဖက်မှု၊ လုယက်မှု၊ ဓားပြ တိုက်မှု တွေနဲ့ ခိုးမှုတွေ အရင်ထက် ပိုပြီးသိသိသာသာ များလာကြောင်းလည်း ဒေသခံတွေပြောပါတယ်။ ခြံတောင်ယာ၊ အပြင်သွားတာတို့ဆို လည်းလူများမ အဖွဲ့လိုက်ပဲ သွားရဲတယ်လို့ ပြောကြပါတယ်။
ဒဏ်ရာရတဲ့ ခွန်ဇော်လည်းတစ်ပတ်အထိအိပ်ရာကနေမထနိုင်ဘဲ ဒဏ်ရာက မသက်သာဘဲရှိနေခဲ့ပါတယ်။
“ဟူး…..ဟူး…..ဟူး…အရမ်းနာတယ်။ ဘယ်လိုနာလို့နာမှန်းလည်းမသိဘူး”စတဲ့ ညည်းတွားသံတွေနဲ့ ရိုက်နက်ခံ ရတဲ့ဒဏ်ကို မခံစားနိုင်တော့တဲ့အကြောင်း ညဘက်သန်ခေါင်ယံချိန်မှာ နန်းဆားကြားခဲ့ရတာတွေ မျက်ရည်တွေနဲ့ ပြန်လည် ပြောပြပါတယ်။
ဒဏ်ရာကတစ်ရက်ထက်တစ်ရက် မသက်သာဘဲ လူလည်း ပိန်လာခဲ့ပါတယ်။ အစားအသောက်လည်း မဝင်တော့ ဘူး နောက်ဆုံးတော့ ဆေးရုံတက်ခဲ့ရပါတယ်။ ဆေးရုံတက်တော့ဓာတ်မှန်ရိုက် ဆေးစစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။
အဲအချိန်မှာ ဆရာဝန်က “တုတ်တွေ၊ ဝါးချောင်းတွေနဲ့ ဗိုက်၊ နောက်ကျောတွေကို အားထည့်ပြီး ရိုက်ခံရခဲ့တဲ့ ဒဏ်ကြောင့် အထဲက ကလီဇာတွေပုပ်နေပြီ။ ကုလို့လည်းမရနိုင်တော့ဘူး”လို့ နန်းဆားကို ပြောခဲ့ပါတယ်။
နန်းဆားအဲဒီ စကားကြားရတော့ သူ့အမျိုးသားရဲ့ မျက်နှာကိုကြည့်ပြီး မျက်ရည်တွေမထိန်းနိုင်ဘဲ ဖြစ်ခဲ့တယ် လို့ဆိုပါတယ်။
ဆရာဝန်တွေလက်လျှော့လို့ နန်းဆားက သူ့အမျိုးသားကိုအိမ်ခေါ်ပြန်လာခဲ့ပါတယ်။ သူ့အမျိုးသားက လမ်းလည်းကောင်းကောင်းမလျှောက်နိုင်တော့ပါဘူး။ ခံစားနေရတဲ့ရောဂါဝေဒနာကို ကြည့်ပြီး “ဘယ်သူ့ကို တရားစွဲရမလဲ။ ဘယ်သူ့ကို အမှုဖွင့်ရမလဲ။ လူကိုပြန်ပြီးသတ်ချင်တယ်”ဆိုတဲ့ မကျေနပ်ချက်တွေလည်း ဝင်ခဲ့တယ်လို့ သူက ဆိုပါတယ်။
ဆေးရုံဆင်း ရွာပြန်ပြီး တစ်ပတ်အကြာမှာဘဲ ခွန်ဇော်က အသက်ဆုံးရှံးခဲ့ရပါတယ်။ ခွန်ဇော်က စစ်သင်တန်း တက်ဖို့ လွန်ဆန်ခဲ့တာကြောင့် ကျေးရွာမှာ လှုမှုရေးပြစ်ဒဏ် ပေးတာလည်းခံခဲ့ရပါတယ်။ လှုမှုရေး ပြစ်ဒဏ် ပေးခံခဲ့ရတာတော့ခွန်ဇော် အသုဘ နာရေးပွဲကို ရွာထဲလည်း ကျင်းပခွင့်မရခဲ့ပါဘူး။ ခွန်ဇော်အ လောင်းသဂြိုလ် ချိန်လည်း အမျိုးထဲကလူ ၃ ယောက်နဲ့ နန်းဆားနဲ့ပဲ အလောင်းကို ဖျာနဲ့လိပ်ပြီးနောက်ဆုံး ခရီး သုသာန်ကို သယ်သွားခဲ့ရပါတယ်။
“ဘုန်ကြီးတွေ ရဟန်းတွေတောင် ပင့်ခွင်မရဘူး။ တရားတွေ နာခွင့်မရခဲ့ဘူး။ ရှိတဲ့လူနဲ့ပဲအမျှဝေပေးခဲ့ရတယ်။ ကျွန်မ ယောကျာ်းက အဖြစ်အရမ်းဆိုးတယ်”ဆိုပြီး နန်းဆားက သူ့ယောကျာ်းရဲ့ နောက်ဆုံးလမ်းခရီး အခြေအနေ ကို ပြောပြပါတယ်။
ခုဆိုရင် နန်ဆားက ၃ နှစ်ကျော်အရွယ် သမီး၊ ၇ နှစ်သမီးနဲ့ ၁၁ နှစ်အရွယ် သားတစ်ဦး ကလေး ၃ ယောက်ကို နေ့စား လိုက်ပြီး ခက်ခဲစွာရှာဖွေလုပ်ကိုင် ကျွေးမွေးနေရပေမယ့် သူ့အမျိုးသားအတွက် အမှန်တရားတော့ ရချင်ပါသေး တယ်၊ မျှော်လင့်ပါသေးတယ်လို့သူမကပြောပါတယ်။
“အဓိကတော့ မူးယစ်ဆေးဝါးရောင်းဝယ်တဲ့သူ သယ်လာတဲ့သူကို အရေးယူစေချင်ပါတယ်။ စားသုံးနေတဲ့သူက တကယ်လို့ ရောင်းသူမရှိ သယ်လာသူမရှိဘူးဆိုရင် သူတို့ ဝယ်ရမှန်းတောင်သိမှာမဟုတ်ဘူး အဲတာကြောင့် ရောင်းသူ သယ်လာသူကို ထိထိရောက်ရောက် အရေးယူစေချင်ပါတယ်။ ဖော်ထုတ်စေချင်ပါတယ်”လို့ ပြောပါ တယ်။
ပအိုဝ်းလူငယ်အစည်းအရုံးမှ တာဝန်ရှိသူမနန်းက”မူးယစ်ဆေးဝါးသုံးစွဲသူများကို ရိုက်နှက်ပြီး အရေးယူတာ လူမှုရေးပြစ်ဒဏ်ပေးတာထက် အသက်သေဆုံးတဲ့အထိ ဖြစ်ပေါ်တာက လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တယ်၊ ရာဇဝတ်မှုဖြစ်တယ်။ ဆိုးဝါးတဲ့ကိစ္စရပ်ဖြစ်တယ်။ ဥပဒေနဲ့ လုပ်ပိုင်ခွင့်ရှိတဲ့သူတွေက မူးယစ်ဆေးဝါး သုံးစွဲသူ များကို စစ်ထဲခေါ်ထည့်တဲ့ကိစ္စရပ်မျိုးတွေက ခုနောက်ပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့်၊ ဆိုးဆိုးဝါးဝါး ဖြစ်လာတာကို တွေ့ရတယ်။ ဒါတွေက အသုံးချတာ ဖြစ်ပါတယ်။ ဥပဒေက အခုချိန် အာဏာရှင်က လက်တလုံးခြား အသုံးပြု နေတဲ့ကိစ္စက ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးခေါင်းစဉ်နဲ့ ကိုယ်ကျိုးစီးပွားရှာ နေတဲ့ ကိစ္စလည်း အများကြီးရှိတယ်။ ဥပဒေနဲ့ ယန္တာယားတွေ ပြုပြင်ပြောင်းလဲမှု မလုပ်သေးနိုင်တဲ့ ကာလပတ်လုံးက ဒီကိစ္စက ဆက်လက်ဖြစ်ပွားနေအုံးမယ်လို့ မြင်ပါတယ်”လို့ပြောပါတယ်။
မှတ်ချက်။ ။ ယခုဖြစ်ရပ်မှန် သတင်းဆောင်းပါးဟာ ကာယကံရှင် လုံခြုံရေးအခြေအနေတွေကြောင့် နာမည်အလွဲ ဖြင့်သာ သုံးထားပါတယ်။
#Khamsarngor
#feature
#humanrights
#Drug