ခမ်းသားငေါဝ်း
မေ ၂၆၊ ၂၀၂၄

ပင်လောင်းတောင်ဖက်တွင် ကျောင်းသားများကိုလည်း စစ်သင်တန်း အတင်းအဓမ္မတက်ခိုင်းနေကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်၊လိန်းညာကျေးအုပ်စုတွင် ဟိုပုံးကိုရင်လေးစစ်သားနှင့်PNO ပြည်သူ့စစ်တို့က ပူးပေါင်းပြီး စစ်သင်တန်းပေးရာတွင် ကျောင်းသားများကိုလည်း အတင်းအဓမ္မ စစ်သင်တန်းတက်ခိုင်းနေသည်။

“အသက် ၁၈ နှစ်နဲ့ ၄၀ ကြားအမျိုးသားအကုန် သွားတက်ရတယ်။ နောက်ပြီးဆယ်တန်းနဲ့ Grade11,12 ကျောင်း သားလည်း အများကြီးပါဝင်တယ်”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ယင်းစစ်သင်တန်းကို ၃ ရက်ပြုလုပ်ပြီး ညောင်မွူးရွာမြှောက်ဖက် ကောင်ပလောင်နားတွင်ပြုလုပ်ကာ ထိဗိ၊လိန်းညာ၊တခါးယဥ်၊ဟံတနျား၊ညောင်မွူး၊တတောက်ရွာမှ ဒေသခံများက အကုန်ကတက်ရကြောင်း သိရသည်။

“သူတို့က ကျောင်းသားတွေကိုဘယ်လိုဆွဲခေါ်လည်းဆိုတော့မင်းတို့ဒီနှစ်မဝင်ရင်တဲ့ ဗမာစစ်ထဲဝင်ရမှာတဲ့ အဲ့လိုနဲ့ PNO တွေစာရင်းစစ်လို့ PNO ထဲမှာစာရင်းမရှိရင် ဗမာစစ်ထဲဝင်ရမှာဆိုပီး ပြောတော့အဲ့လိုနဲ့ကလေးတွေကအကုန် သူတို့ဆီဝင်တာပါရှင့်”ဟု ၄င်းကဆက်ပြောသည်။

စစ်သင်တန်းတက်ရသည့် ကာယကံရှင်ကျောင်းသားတစ်ဦးကလည်း” ကျွန်တော်က Grade ၁၂ စာမေးပွဲဖြေထားတာ အောင်စာရင်းတောင်မထွက်သေးဘူး။ ​ကိုဗစ်ဖြစ်တော့ကျောင်းနားရလို့အသက်က ၁၈ နှစ်ကျော်သွားတာ၊ ခုစာရင်းပေးရပြီ မသွားလို့လည်းမရဘူး”ဟု ခမ်းသားငေါဝ်း ကိုပြောသည်။

စစ်သင်တန်းပေးရာတွင် ဒုတိယအကြိမ်ပြီးပြီဖြစ်ပြီ စုစုပေါင်းလှုဦးရေ ၄၀၀ ကျော်ပြုလုပ်ခဲ့ပြီး နောက် တစ်ကြိမ် ထပ်မံပြုလုပ်ရန်လည်း လူစုနေပြီ ဖြစ်ကြောင်းသိရသည်။

ပင်လောင်းမြို့နယ်တွင် လှုဦးရေ ၁ သိန်း ၈ သောင်းရှိပြီး လှုဦးရေ ၈ သောင်းသည် အရွယ်မှန် လူငယ်၊လူလတ်ပိုင်းများဖြစ်သဖြင့် စစ်ကောင်စီက PNOမှတစ်ဆင့် ပြည်သူ့စစ်အဖြစ် စုဆောင်းထားကြောင်းသိရသည်။

PPV005

You missed