ခမ်းသားငေါဝ်း
မေလ ၂၅ ၊ ၂၀၂၄

နောင်သိမ်ကျေးရွာ ရပ်မိရပ်ဖ ဦးထက်နိုင်ကို PNO ပြည်သူ့စစ် ဗိုလ်ကြီးလယ်တို့ကပြန်ပေးဆွဲဖမ်းဆီးပြီး ယခုထိပြန်မလွတ်သေးကြောင်း PNLA ထုတ်ပြန်ချက်အရသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်သိမ်ကျေးရွာ ရပ်မိရပ်ဖ ဦးထက်နိုင်ကို PNO ပြည်သူ့စစ်က မေလ၂၂ ရက်နေ့က ကျေးရွာ၏ သင်္ချိုင်းကုန်းထဲသို့ ဖမ်းဆီးခေါ်ဆောင်သွား သည်။

“ဦးထက်နိုင်က ရပ်မိရပ်ဖ တဦးဖြစ်ပါတယ်။ သူ့ကို သင်္ချိုင်းကုန်းထဲ ဖမ်းသွားတော့ ရွာသူရွာသားတွေ လိုက်သွားတာ PNO ပြည်သူ့စစ်တွေက သေနတ်နဲ့ ရွာသားတွေကို ပစ်လို့ ဆက်လိုက်လို့ မရတော့ဘူး ။ အခုထိ ဦးထက်နိုင် ရှင်လားသေလားလည်း မသိရသေးဘူး။”ဟုဒေသခံတဦးကပြောသည်။

ဦးထက်နိုင်မိသားစုပိုင်ဆိုင်သည့် ရွှေငွေများ၊ ဒင်္ဂါးပြားများ၊ ကားနှင့် ဆိုင်ကယ်နှစ်စီး ကိုလည်း PNO ပြည်သူ့စစ်က အကုန်ယူဆောင်သွားကြောင်းသိရသည်။

PNLAပြောခွင့်ရ ခွန်ရိုင်းယံ ကလည်း”ရွာသားတွေ၊ ဆရာတော်တွေတောင်းပန်လည်းမရဘူး၊အပြစ်မရှိဘူး ပြည်သူ့စစ်က ရွာသားတွေ တော်လှန်ရေး နဲ့ဆက်နွယ်တယ်ဆိုပြီးစွပ်စွဲပြီးလုပ်တာ “ဟု ခမ်းသားငေါဝ်းကိုပြောသည်။

ထိုနေ့တွင်ပင် PNO ပြည်သူ့စစ်မှ ဆီဆိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အဖွဲ့က နမ့်စေမဲးကျေးရွာမှ ခွန်ဝင်းနိုင် အသက် ၅၀ နှစ်ကိုလည်း ပြန်ပေးဆွဲဖမ်းဆီးသွားခဲ့သည်။

ခွန်ဝင်းနိုင်က ဝက်ခြံတွင် ဝက်စာကျွေးနေစဉ်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဖမ်းဆီး သွားခဲ့ပြီး ငွေသိန်းတစ်ရာနှင့် ကားတစ်စီးဖြင့် ပြန်လည်ရွေးခဲ့ရကြောင်းသိရသည်။

ပြန်ပေးဆွဲ ဖမ်းဆီးခံရသည့် ခွန်ဝင်းနိုင်ကို သွားရောက် ရွေးယူစဉ် PNO ပြည်သူ့စစ်များနှင့် ညှိနှိုင်းမှုပြုလုပ်ရာ PNO ပြည်သူ့စစ်မှ သေနတ်ဖြင့် ပစ်ခတ်သဖြင့် ခွန်ဝင်းနိုင်၏ ဇနီး ပေါင်တွင် သေနတ် ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု PNLA ထုတ်ပြန်ထားသည်။

PNO ပြည်သူ့စစ် ဗိုလ်ကြီးလယ်တို့သည် ပြီးခဲ့သည့်မေလ ၉ ရက်နေ့တွင်လည်း နောင်ရင်းရွာသူကြီး ခွန်ဇာခွန်နှင့်ညီဖြစ်သူ ကို နိက်စက်သတ်ဖြတ်ခဲ့သည်။

#ppv002
#Humanright

Leave a Reply

Your email address will not be published. Required fields are marked *