ခမ်းသားငေါဝ်း
မေ ၂၂၊ ၂၀၂၄

လွိုင်ကော်အကျဥ်းထောင်တွင် အကျဥ်းသားများ လုံလောက်သည့် အဟာရဓာတ်မရရှိခြင်းကြောင့် အသက်အန္တရာယ် စိုးရိမ်နေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာအကျဥ်းသားများကွန်ရက် (PPNM) က မေလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ကရင်နီပြည်၊ လွိုင်ကော်အကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်းသား များအပါအဝင် အကျဥ်းသား ၄၀၀ ကျော်အကျဥ်းချခံထားရဆဲ ဖြစ်ပြီး ထောင်ဝင်စာ ပါဆယ် ပို့ဆောင်မှုကို စစ်ကောင်စီက ပိတ်ပင်ထားသောကြောင့် အကျဥ်းသားများစားသောက်ရေးအခက်အခဲဖြစ်နေကြောင်း PPNM ကဆိုသည်။

” အခုချိန်မှာတော့ ထောင်ဝင်စာလာတွေ့ခွင့်ရော ပါဆယ်ပို့ခွင့်ရော စစ်ကောင်စီကပိတ်ထားတယ်၊ ၁ လေးလုံးစစ်ဆင်ရေးကတည်းက ပိတ်ထားတာဖြစ်တယ်” ဟု ကရင်နီအကျဥ်းသားများအစည်းအရုံး KPPA တာဝန်ရှိသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

လက်ရှိအချိန်တွင် လွိုင်ကော်အကျဥ်းထောင်တွင်တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များပင်လျင် ရိက္ခာကိုချွေတာစားသောက်နေရသည့် အခြေအနေဖြစ်သည့်အတွက် အကျဥ်းသားများကို ပုံမှန်သတ်မှတ်ချက်အတိုင်းမကျွေးနိုင်တော့ပဲ ဆန်၊ငါးပိ နှင့်ဆားကြမ်းကိုသာကျွေးလျက်ရှိကြောင်း သိရသည်။

အစားအသောက်ကောင်းစွာမစားရခြင်း၊ ကိုယ်လက် အားကစားများလုပ်ခြင်းကိုလည်း ကန့်သတ်ထားသည့်အတွက် အချို့နိုင်ငံရေးအကျဥ်းသားများတွင် ထောင်အခေါ်တုတ်ဆွဲခြင်း( လေဖြတ်ရောဂါ ဝေဒနာကဲ့သို့) ခံစားနေရသူများလာကြောင်း PPNM ကဆိုသည်။

အသက်ရှင်ရန်အတွက် ရှိသည့်အစားအသောက်ကိုသာစားသောက်နေရသည့် လွိုင်ကော်အကျဥ်းထောင်မှ အကျဥ်းသားများကို မြန်မာပြည်သူများ၊ ကမ္ဘာ့ကုလသမဂ္ဂ (UN) နှင့် နိုင်ငံတကာအဖွဲ့အစည်းများ အနေဖြင့် အာရုံစိုက်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း PPNM ကဆိုသည်။

PPV003

Leave a Reply

Your email address will not be published. Required fields are marked *