ခမ်းသားငေါဝ်း
မေ ၂၁ ၊ ၂၀၂၄

ရှမ်းတောင်တိုက်ပွဲတွင် သုံးလကျော်အတွင်း အရပ်သားထိခိုက်ဒဏ်ရာရမှု ၉၈ ဦး အထိတိုးလာသည်ဟု ပအိုဝ်းလူငယ်အစည်းအရုံး (PYO)မှ မေလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ညောင်ရွှေ၊ ဟိုပုံး၊ပင်လောင်းတိုက်ပွဲ ရက်ပေါင်း(၁၁၉)ရက်အတွင်းတွင် အရပ်သားထိခိုက်ဒဏ်ရာရသူ ၉၈ ဦးအထိရှိနေပြီး ယင်းအထဲမှ အမျိုးသား ၄၈ ဦး၊ အမျိုးသမီး၂၂ ဦး၊ ကျား၊မအတည်မပြုနိုင် ၁၁ ဦးနှင့် ကလေးသူငယ် ၁၇ ဦး ပါဝင်သည်။

“စစ်ပွဲအစပိုင်းမှာ လေကြောင်းဗုံးကြဲမှု၊ လက်နက် ကြီးပစ်ခတ်မှု နဲ့ ထိခိုက်ဒဏ်ရာရရှိမှုက မြင့်တက်ခဲ့တယ်၊ ခုနောက်ပိုင်း စစ်လက်နက်ကျန်ပစ္စည်းတွေ၊ မြေမြုပ်မိုင်းတို့ကို ပုံစံအမျိုးမျိုးနဲ့ ထိခိုက်ဒဏ်ရာရရှိမှု မြင့်တက်လာတာကို တွေ့ရတယ်။ စစ်လက် နက်ကျန်ပစ္စည်များ၊ မြေမြုပ်မိုင်းတို့ကို ပုံစံအမျိုးမျိုးနဲ့ ထိခိုက်ဒဏ်ရာရရှိတဲ့ အရပ်သားပြည်သူတွေက ခန္ဓာကိုယ်အစိတ်အပိုင်းတခုခု ဖြတ်ထုတ်မှု လုပ်ကြရတာကို တွေ့ရပါတယ်။”ဟု PYO ပအိုဝ်းလူငယ်အစည်းအရုံး ပြောရေးဆိုခွင့်ရှိသူ မနန်းကပြော သည်၊၊

ယင်းထိခိုက်မှုများထဲမှ လေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်မှုအများဆုံးဖြစ်ပြီး လက်နက်ကြီးထိမှန်ခြင်း စစ်ကြွင်းကျန်လက်နက်ထိမှန်ခြင်း၊ သေနတ်ဖြင့်ပစ်သတ်ခံရခြင်း၊ မိုင်းနင်းမိခြင်းနှင့် ကြွင်းကျန်လက်နက်ကြီး ကျည်ပေါက်ကွဲမှရာမှ ထိခိုက်ဒဏ်ရာရခဲ့ကြသည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့အပြင်ရှမ်းတောင်တိုက်ပွဲအတွင်းတွင် စစ်ကောင်စီလက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အဆောက်အအုံထိခိုက်ပျက်စီးမှု ၆၅၁ လုံးအထိရှိလာကာ အရပ်သားသေဆုံးမှု ၆၉ ဦးအထိရှိလာသည်ဟုလည်း ဖော်ပြထားပါသည်။

#PPV008

Leave a Reply

Your email address will not be published. Required fields are marked *