ခမ်းသားငေါဝ်း
မေ ၂၁ ၊ ၂၀၂၄

နောင်ချိုမြို့တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ထံက သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲဖြစ်သော ကြောင့် ဒေသခံစစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။

“ဒေသခံတွေကတော့ အများကြီးပဲစစ်ရှောင်နေရတယ်၊ သူတို့အတွက်အဓိကတော့ စားနပ်ရိက္ခာတွေပေါ့နော်၊ အလှူရှင်တွေလည်းလိုအပ်နေတယ်၊ အခုကမိုးတွင်းလည်းရောက်လာပြီဆိုတော့ ခြင်တွေပေါလာတော့မှာ ခြင်ထောင်တွေလည်းလိုအပ်တာပေါ့၊ တခြားလိုအပ်တာတွေလည်းအများကြီးပါပဲ” ဟုရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် တာဝန်ရှိသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

တိုက်ပွဲကြောင့်ဒေသခံပြည်သူ(၃၀၀၀)ကျော်ခန့်သည် နောင်ချိုမြို့နှင့် ပြင်ဦးလွင်မြို့တို့ရှိ ကျေးရွာများတွင် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး စစ်ကောင်စီ၏တိုက်ခိုက်မှုများကြောင့် အရပ်သားနေအိမ်(၁၀၀)ခန့်လည်း ထိခိုက်ပျက်စီးသွားခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ကထုတ်ပြန်ထားသည်။

သင်္ကြန်ကာလ ဧပြီလ(၁၄)ရက်နေ့ညပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ စစ်ကောင်စီခေါင်းဆောင်အနားယူနေသည့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့ပြီးနောက် တိုက်ပွဲသည် ပြင်ဦးလွင်မြို့နှင့် နောင်ချိုမြို့နယ်စပ်များသို့ ပျံ့နှံ့သွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဆိုထားသည်။

ဧပြီလ(၁၅)ရက်နေ့မှ မေလ(၅)ရက်နေ့ထိ စစ်ကောင်စီသည်ပြင်ဦးလွင်မြို့မှနေကာ လက်နက်ကြီးများနှင့် လေကြောင်းတိုက်ခိုက်မှုများကို နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာ၊ ဇာလီကျေးရွာ၊ ညောင်ကုန်းကျေးရွာနှင့် အနီးတစ်ဝိုက်ကျေးရွာများသို့ နေ့စဥ်(၇)ကြိမ်မှ (၁၀)ကြိမ်ခန့်တိုက်ခိုက်လာခြင်းကြောင်း ညောင်ကုန်းရွာမှ နေအိမ်(၆၀)ခန့်ပျက်စီးခဲ့ရကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တရုတ်ကြားဝင်ဆေ့စပ်မှုဖြင့် ညီနောင်မဟာ(၃)ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ အပစ်အခတ်ရပ်စဲနိုင်ခဲ့သော်လည်း တော်လှန်ရေးအင်အားစုနှင့် စစ်ကောင်စီကြား၌ တိုက်ပွဲကဆက်လက်ဖြစ်ပွားနေဆဲကြောင်း သိရသည်။

#PPV007

Leave a Reply

Your email address will not be published. Required fields are marked *